ဖီနာဘာချီ

March 11, 2019

ဖီနာဘာချီအသင်းအတွက် ကစားပေးတော့မည် မဟုတ်ဟု တိုက်စစ်မှူး ဆလီမာနီပြော

လက်စတာစီးတီးတိုက်စစ်မှူး အစ္စလမ်ဆလီမာနီဟာ ဒီနှစ်ရာသီကုန်တဲ့အထိ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဖီနာဘာချီအသင်းအတွက် ကစားပေးမှာ မဟုတ်ဘူးလို့ ပြောကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဆလီမာနီဟာ တူရကီမြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ၂၂ ပွဲပဲ ကစားခွင့်ရခဲ့ကာ လေးဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်းက ဆလီမာနီဟာ ဖီနာဘာချီအသင်းနဲ့ အငှားစာချုပ် ဖျက်သိမ်းကာ ရီးရဲလ်ဘက်တစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့ဘဲ လက်စတာအသင်းဘက်ကလည်း သူ့ကို ပြန်ခေါ်ယူလိုခြင်း မရှိတာကြောင့် ဖီနာဘာချီမှာ အငှားကစားသမားအဖြစ် ဆက်ရှိနေခဲ့တာပါ။ ဒီလိုအခြေအနေမှာ သူနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး တူရကီကလပ်အသင်းကလည်း သူ့ကို ဒီရာသီအတွင်း အသုံးပြုနိုင်ဖွယ် မရှိဘူးလို့ သတင်းမီဒီယာတွေမှာ အကျယ်တဝင့် ရေးသားနေကြပါတယ်။ လက်ရှိ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဆလီမာနီဟာ တူရကီလိဂ်ရဲ့ လစာမြင့်မားတဲ့ ကစားသမားတွေထဲက တဦးဖြစ်နေပေမယ့်လည်း လက်ရှိအခြေအနေတွေကို မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ သူဟာ ရာသီကုန်အထိ ကစားခွင့် ပျောက်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆလီမာနီဟာ ဖီနာဘာချီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာတောင် ပါဝင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ ဖီနာဘာချီအသင်းနဲ့ ကစားသမားတို့အကြားမှာ ကြီးမားတဲ့ ပြဿနာ တစုံတရာ ရှိနေပုံရပြီး ဖီနာဘာချီအသင်း ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်နှစ်ခုမှာလည်း သူဟာ ချန်လှပ်ခံခဲ့ရပါတယ်။ ဆလီမာနီဟာ လက်စတာစီးတီးအသင်းကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ဖီနာဘာချီအသင်းနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ မွေးရပ်မြေဖြစ်တဲ့ အရှေ့အလယ်ပိုင်းက ကလပ်အသင်းတခုခုစီ ရောက်သွားနိုင်ဖွယ် ရှိနေပါတယ်။
3 years Ago

November 4, 2016

ဖီနာဘာချီအသင်းကို မန်ယူ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် အုပ်စုအေ ပွဲစဉ် ၄ အဖြစ် တူရကီကလပ် ဖီနာဘာချီနဲ့ အင်္ဂလန်ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့ နိုဝင်ဘာ ၃ ရက်ညက ယှဉ်ပြိုင်ရာ ဖီနာဘာချီက အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒါဟာ အောက်တိုဘာ ၂၁ ရက် မန်ယူကွင်းမှာ ယှဉ်ပြိုင်ခဲ့တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဖီနာဘာချီအတွက် မန်ယူကို အကောင်းဆုံး လက်စားချေလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ပွဲစပြီး ၁ မိနစ်ကျော်ကျော်မှာပဲ ဖီနာဘာချီတိုက်စစ်မှူး မူဆာဆောဝ် (Moussa Sow) က မန်ယူဂိုးဧရိယာထဲကနေ နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ ပထမပိုင်းမှာ ဖီနာဘာချီက ၁ ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ဆင် ကစားတဲ့ ဖီနာဘာချီအသင်းရဲ့ ကစားကွက်ကို ယှဉ်မကစားနိုင်ခဲ့သလို အပေးအယူ အချိတ်အဆက်တွေလည်း လွဲချော်နေခဲ့ပါတယ်။ ဖီနာဘာချီအတွက် ဒုတိယဂိုးကို ပွဲချိန် ၅၉ မိနစ်မှာ ပြစ်ဒဏ်ဘောမှတဆင့် တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ မန်ယူအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ အသင်းခေါင်းဆောင် ၀ိန်းရွန်နီက သွင်းယူပေးခဲ့ပါတယ်။ ဒီအုပ်စုက အခြားပွဲစဉ်ဖြစ်တဲ့ ယူကရိန်းကလပ် ဇော်ယာနဲ့ နယ်သာလန်ကလပ် ဖီယင်နုတို့ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။ ပွဲစဉ် ၄ အပြီး ဒီအုပ်စုမှာ ဖီယင်နုနဲ့ ဖီနာဘာချီတို့က ရမှတ် ၇ မှတ်စီတူညီပေမယ့် ဂိုးကွာခြားချက် အသာရတဲ့ ဖီယင်နုက အုပ်စု ပထမ၊ ဖီနာဘာချီက အုပ်စု ဒုတိယ၊ မန်ယူက ၆ မှတ်နဲ့ အုပ်စု တတိယ၊ ဇော်ယာက ၂ မှတ်နဲ့ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago
Up