ဖီဆန်

October 16, 2020

အရေးပေါ်အခြေအနေအမိန့်ကို ဖီဆန်ပြီး ဘန်ကောက်တွင် ပြည်သူသောင်းချီ ဆန္ဒပြ

ထိုင်းနိုင်ငံမှာ ထုတ်ထားတဲ့ အရေးပေါ်အခြေအနေ အမိန့်ကို ဖီဆန်ပြီး အောက်တိုဘာ ၁၅ ရက်က မြို့တော် ဘန်ကောက်မှာ ဆန္ဒပြသူ သောင်းချီ စုဝေးခဲ့ပါတယ်။  ည ၁၀ နာရီ အချိန်မှာတော့ ဆန္ဒပြသူတွေ လူစုခွဲသွားခဲ့ပြီး နေ့စဉ်နေ့တိုင်း အဲဒီနေရာမှာ စုရုံး ကြဖို့ ဆန္ဒပြသူတွေ ကတိပြုခဲ့ပါတယ်။  ဘုရင် ဝချီရာလောင်ကွန်း နဲ့ဝန်ကြီးချုပ်  ပရာယွတ်ကို  ပစ်မှတ်ထားတဲ့ ဆန္ဒပြပွဲတွေက ကြီးထွားလာနေပါတယ်။  ဒါဟာ အချိန်အတော်ကြာ အာဏာလွှမ်းမိုးခဲ့တဲ့ တော်ဝင်နန်းတော်နဲ့ စစ်တပ်အပေါ်  နှစ်များစွာအတွင်း အကြီးဆုံး စိန်ခေါ်မှုလည်းဖြစ်ပါတယ်။  ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ လူစုခွဲကြဖို့ မေတ္တာရပ်ခံချက်အပေါ်  လျစ်လျူရှုပြီး လမ်းသွယ်နဲ့ လူသွားလမ်းတွေကနေ ရက်ချာပရာဆောင် လမ်းဆုံမှာ  စုဝေးကြတာပါ။  ထိုင်းအစိုးရ ထောက်ခံသူတွေနဲ့ အတိုက်အခံတွေကြား ဆယ်စုနှစ် တခုကျော်ကြာ အကြမ်းဖက်မှုအတွင်း အဲဒီနေရာဟာ ၂၀၁၀ ခုနှစ်က သွေးစွန်းခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။  ဘန်ကောက်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ပီယက်သာဝီချိုင်ကတော့ ဆန္ဒပြသူအကုန်လုံးကို မှတ်တမ်းတင်ထားပြီး အားလုံးကို တရားစွဲဆိုသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  
1 year Ago

September 4, 2020

တားမြစ်ချက် ဖီဆန်ပြီး လုပ်သည့် နီပေါဘာသာရေးပွဲ ရဲတပ်ဖွဲ့ဖြိုခွင်း

နီပေါနိုင်ငံမှာ လူစုလူဝေး မလုပ်ရဆိုတဲ့ အစိုးရ တားမြစ်ချက်ကို ဖီဆန်ပြီး စက်တင်ဘာ ၃ ရက်က လုပ်ခဲ့တဲ့ ဘာသာရေးပွဲတခုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရေအမြောက်သုံး လူစုခွဲခဲ့ပါတယ်။  မြို့တော် ခတ္တမန္တူအနီး လာလစ်ပူရ် လမ်းမကြီးထက်လုပ်တဲ့  မိုးနတ်မင်း လှည်းဆွဲပွဲကို    လူ နှစ်ထောင်ခန့် ပါဝင်ခဲ့တာပါ။  ဒီပွဲတော်ဟာ မျိုးဆက်ပေါင်းများစွာ ကျင်းပခဲ့တဲ့ အစဉ်အလာ တခုဖြစ်ပေမယ့်  ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ အာဏာပိုင်တွေက ပွဲတော်ကို  နေအိမ်မှာပဲ  ကျင်းပဖို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လူစုလူဝေးလုပ်တဲ့ ပါဝင်ဆင်နွှဲသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်သုံး လူစုခွဲခဲ့ တာပါ။  အဲဒီအခါ နှာခေါင်းစည်း တပ်ထားတဲ့ ဆန္ဒပြသူတွေက  နံပါတ်တုတ်တွေ ကိုင်ထားတဲ့ ရဲတွေ ကို ခဲတွေ နဲ့ပစ်ပေါက်တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။  ဒါ့အပြင် ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ မော်တော်ဆိုင်ကယ်တစ်စီးကို မီးရှို့ခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးကိုလည်း ရဲတွေက ခေါ် ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။  လာလစ်ပူရ်ခရိုင် အရပ်ဘက်အရာရှိတစ်ဦးက ဘာသာရေးအခမ်းအနားလို လူစုလူဝေး  အားလုံးကို တားမြစ်ထားတယ်လို့ ပြောဆိုပေမယ့် ပွဲဆင်နွှဲသူတွေကတော့ ရာစုနှစ်ချီ လုပ်လာတဲ့ အစဉ်အလာကို ဆက်လုပ်ရမှာပဲလို့  ပြောဆိုပါတယ်။  နီပေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၂,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂၅၇ ယောက် ရှိတယ်လို့ နီပေါကျန်းမာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ  ၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
1 year Ago
Up