ဖိုက်တာဖိုးသော်

October 9, 2019

MMA ဖိုက်တာဖိုးသော် နိုင်ငံအတွက်  အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်မည် 

ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၁၃ ရက် ကျင်းပမယ့် MMA (One Championship) ONE: CENTURY ပြိုင်ပွဲမှာ ပြိုင်ဘက် တောင်ကိုရီးယားနိုင်ငံသား ယွန်ချန်မင်းကို နိုင်ငံ ဂုဏ်သိက္ခာအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အနိုင်ရအောင် ထိုးသတ်သွားမယ်လို့ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ MMA  ဖိုးသော်က ဒီဗွီဘီကို ပြောပါတယ်။ အကြိုပြင်ဆင်မှုအနေနဲ့ ဂျပန်မှာ သီတင်း နှစ်ပတ်၊ ထိုင်းနိုင်ငံမှာ နှစ်ပတ်ခန့်၊ မြန်မာမှာ နှစ်ပတ် အပြင်းအထန် လေ့ကျင့််ခဲ့ကာ လောလောဆယ် ဂျပန်မှာ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ သက်လုံပိုင်းကို ပြင်ဆင်ထားပြီး တခြားအားနည်းချက်တွေကို ဂျပန်နည်းပြ ရွှန်နီချီ ရှီမီဇူစံနဲ့ အပြင်းအထန် လေ့ကျင့်ထားတယ်လို့ ဆိုပါတယ်။ (One Championship) ONE: CENTURY ပြိုင်ပွဲမှာ အဓိကပွဲစဉ်အဖြစ် အောင်လအန်ဆန်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာတို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး ဖိုးသော်က ဖယ်သာဝိတ်တန်း စိန်ခေါ်ပွဲမှာ ထိုးသတ်မှာ ဖြစ်ပါတယ်။ ဖိုးသော်ဟာ ဇွန်လက တရုတ်နိုင်ငံမှာ နောက်ဆုံး ယှဉ်ပြိုင်တဲ့ MMA ပြိုင်ပွဲမှာ အင်ဒိုနီးရှား နိုင်ငံသား ဆန်ဒက်ကို ပထမအချီမှာ အလဲထိုး အနိုင်ရခဲ့ပါတယ်။ ဖိုးသော်ဟာ MMA ပြိုင်ပွဲ ၉ ပွဲ ယှဉ်ပြိုင်ထားပြီး ၈ ပွဲ နိုင်ကာ တပွဲ ရှုံးနိမ့်ထားပြီး အခုပွဲမှာ ကစားကွက်ကတော့ စင်ပေါ်မှာ ပြိုင်ဘက်အခြေအနေကို ကြည့်ပြီး အားနည်းချက်ရှာ ကစားမယ်လို့ လည်းဆိုပါတယ်။ နည်းပြဖြစ်သူ ရွှန်အိချီ ရှီဇူမီစံက ဖိုးသော်အနေနဲ့ သူ့ရဲ့အားသာချက်တွေ အများကြီးရှိပြီး အသေအချာ လေ့ကျင့်ထားလို့ သေချာပေါက် အနိုင်ရမယ်လို့ ယုံကြည်ကြောင်းလည်း ဒီဗွီဘီကို ပြောပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကိုတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားပေးမှုနဲ့ ထိုက်တန်တဲ့ ကစားသမားဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့် MMA ကစားသမားအနေနဲ့ မြန်မာနိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမား ၃ ဦး၊ စုစုပေါင်း ၆ ဦး ရှိပါတယ်။
2 years Ago
Up