ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး

August 25, 2021

ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြရန် အမေရိကန်သမ္မတဘိုင်ဒင် တိုက်တွန်း

အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲမှု အေဂျင်စီ FDA က ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြည့်အဝ အတည်ပြုပေးခဲ့အပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မထိုးရသေးတဲ့လူတိုင်း ကာကွယ်ဆေးထိုးကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းလိုက်ပါတယ်။

"တကယ်လို့ ခင်ဗျားဟာ FDA ရဲ့ အပြည့်အဝ နောက်ဆုံး အတည်ပြုချက် မရသေးရင် ကာကွယ်ဆေး မထိုးဘူးလို့ ပြောတဲ့ အမေရိကန် သန်းချီထဲက တယောက်သာဆိုရင် ခုတော့ ကာကွယ်ဆေးထိုးလို့ ရပါပြီ"လို့ ဘိုင်ဒင်က ပြောပါတယ်။

FDA ဟာ ကာကွယ်ဆေး ထိုးဆေး ၂ လုံး ထိုးရတဲ့ ဖိုက်ဇာ ကာကွယ်ဆေးကို အရေးပေါ်သုံးအတွက် ဒီဇင်ဘာလမှာ ထိုးခွင့်ပေးခဲ့တာပါ။

ဩဂုတ် ၂၃ ရက်မှာတော့ ဆေးထုတ်လုပ်ရေးကုမ္ပဏီရဲ့ လက်တွေ့ ကုသစမ်းသပ်ချက်ကနေ ရလာတဲ့ နောက်ထပ်သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး အသက် ၁၆ နှစ်ကနေအထက် လူတိုင်း ထိုးဖို့ အပြည့်အဝအတည်ပြုပေးလိုက်ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ကာကွယ်ဆေးမထိုးရသေးတဲ့ နိုင်ငံသားတွေအတွက် ဖိုက်ဇာ ကာကွယ်ဆေးဟာ ဘေးကင်း ထိရောက်တယ်ဆိုတဲ့အချက်နဲ့ စည်းရုံးသိမ်းသွင်းနိုင်ဖို့ ပြည်သူ့ ကျန်းမာရေးအရာရှိတွေကလည်း မျှော်လင့်နေပါတယ်။

3 months Ago
Up