ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က အထက်တန်းကျောင်းသားတွေကို အောက်တိုဘာ ၄ ရက်က ပထမဆုံးနေ့အဖြစ် ဖိုက်ဇာကာကွယ်ဆေး စတင်ထိုးပေးပါတယ်။
နိုဝင်ဘာလမှာ ကျောင်းတွေကို ပြန်မဖွင့်ခင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့ ခုလို ဆေးထိုးပေးနေတာပါ။
ဘန်ကောက်မြို့စွန်က ပရာချာနီဝက်ကျောင်းမှာ ထောင်ချီတဲ့ ကျောင်းသားတွေ ပထမဆုံး ကာကွယ်ဆေးထိုးဆေးကို လက်ခံထိုးနှံဖို့ တန်းစီနေခဲ့ကြပါတယ်။
အသက် ၁၆ နှစ်အရွယ် ကျောင်းသား ပူဝါရစ် ချင်နာဘူရာနာဆိုဖွန်က “ကျနော်က အခြေအနေကို ပုံမှန်ပြန်ရောက်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျနော် ကျောင်းပြန်တက်ချင်နေ ပြီ” လို့ ပြောပါတယ်။
ကျောင်းသားအယောက် ၃ သောင်းခွဲရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ကာကွယ်ဆေးထိုးခံဖို့ နာမည်စာရင်းသွင်းခဲ့ကြပါတယ်။
ဘန်ကောက်မြို့တော်မှာ အောက်တိုဘာလကုန်မှာ ထိုးဆေး ၂ လုံးစလုံး ဖြန့်ထိုးပေးဖို့ မျှော်လင့်ထားတယ်လို့ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးမှူး အဲ့စ်ဝင်း ကွမ်မုအန်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဇူလိုင်လယ်ကစပြီး ပထမဆုံးအနေနဲ့ အောက်တိုဘာ ၄ ရက်က ၂၄ နာရီအတွင်း အသစ်ကူးစက်ခံ အတည်ပြုလူနာ ဦးရေ ၁ သောင်းအောက်ကို ကျဆင်းသွားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးလုံးရေ ၅၅ ဒသမ ၅ သန်းကို ထိုးနှံပေးပြီး ဖြစ်ပြီး လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းက ကာကွယ်ဆေး ထိုးဆေးအပြည့် ထိုးနှံပြီးပြီလို့ ရိုက်တာက ဖော်ပြထားပါတယ်။