ဖိုက်ဇာ

December 22, 2020

ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး အသုံးပြုရန် အီးယူ ခွင့်ပြု

ဥရောပကော်မရှင်ဟာ အမေရိကန်ကုမ္ပဏီ ဖိုက်ဇာနဲ့ ဂျာမန်ကုမ္ပဏီ ဘိုင်အိုအန်တက်ခ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သုံးဖို့ ဒီဇင်ဘာ ၂၁ ရက်က အတည်ပြုချက် ပေးလိုက်ပါပြီ။ အချိန်သီတင်းပတ် တပတ်အတွင်း လူထုကို ကာကွယ်ဆေး စထိုးပေးဖို့ ခွင့်ပြုတဲ့ နောက်ဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ ဂျာမနီ၊ သြစတြီးယားနဲ့ အီတလီ ပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဟာ ကာကွယ်ဆေး ထိုးတာကို ဒီဇင်ဘာ ၂၇ မှာ စတင်ဖို့ စီစဉ်ထားတယ်လို့ ပြောထားပါတယ်။
4 months Ago

ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် စင်ကာပူ ရရှိ

စင်ကာပူဟာ အမေရိကန်ကုမ္ပဏီ ဖိုက်ဇာနဲ့ ဂျာမန်ကုမ္ပဏီ ဘိုင်အိုအန်တက်ခ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်ကို ဒီဇင်ဘာ ၂၁ ရက်မှာ လက်ခံ ရရှိခဲ့တယ်လို့ ကာကွယ်ဆေးတွေကို သယ်လာတဲ့ စင်ကာပူအဲလိုင်းက ပြောပါတယ်။ သီတင်းပတ် နှစ်ပတ်၊ သုံးပတ်အတွင်း ကာကွယ်ဆေး ထိုးပေးနိုင်တော့မယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံကနေ ကာကွယ်ဆေးတွေကို တင်လာတဲ့ စင်ကာပူအဲလိုင်း လေကြောင်းလိုင်းကတော့ ကာကွယ်ဆေး ဘယ်လောက် သယ်လာတယ်ဆိုတာ မပြောပါဘူး။ ဒီကာကွယ်ဆေးကို သုံးဖို့ စင်ကာပူအစိုးရက အရင်သီတင်းပတ်က အတည်ပြုခဲ့အပြီး ဒီကာကွယ်ဆေးကို ရလာတဲ့ ပထမဆုံး အာရှနိုင်ငံလည်း ဖြစ်လာပါတယ်။ အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် လီရှင်လွန်းကတော့ လူဦးရေ ၅ ဒသမ ၇ သန်းရှိတဲ့ နိုင်ငံအတွင်း ကာကွယ်ဆေးကို စောစောထိုးနှံခံတဲ့လူ ဖြစ်လာမယ်လို့ ပြောပါတယ်။ ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ် အသေးစိတ်ကို အာဏာပိုင်တွေက ကြေညာလိမ့်မယ်လို့ လီက ပြောပါတယ်။ စင်ကာပူဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးနှုန်းအနိမ့်ဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။  အစိုးရကတော့ ကျန်းမာရေးလုပ်သားတွေနဲ့ သက်ကြီးနိုင်ငံသားတွေကို ကာကွယ်ဆေး ထိုးပေးဖို့ ပထမဆုံး ကြီးကြပ်ရေး စီစဉ်ထားပါတယ်။ စင်ကာပူဟာ လတ်တလောလတွေအတွင်း ပြည်တွင်းနေ အချင်းချင်း ဗိုင်းရပ်စ် ကူးစက်မှုအသစ် မရှိရအောင် ထိန်းထားပြီး လာမယ့်သီတင်းပတ်မှာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိမ့်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 months Ago

December 13, 2020

ကိုဗစ်ကာကွယ်ဆေးများ သုံးစွဲနိုင်ရေး သီတင်းပတ်များအတွင်း ဆုံးဖြတ်ပေးရန် WHO မျှော်မှန်း

ဖိုက်ဇာ၊ မိုဒါနာနဲ့ အဲ့စ်ထရာဇေနေကာကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေကို အရေးပေါ် သုံးစွဲနိုင်ရေး အတည်ပြုပေးမလားဆိုတာ လာမယ့် သီတင်းပတ်တွေအတွင်း ဆုံးဖြတ်ပေးဖို့ မျှော်လင့်ထားတယ်လို့ WHO ရဲ့ သိပ္ပံပညာရှင်အဖွဲ့ အကြီးအကဲ ဆောင်မြာဆွာမိနာသန်က ပြောလိုက်ပါတယ်။ ဖိုက်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးအတွက် ဆုံးဖြတ်ချက်က နှစ်ပတ်အတွင်း ကျနိုင်ပြီး မိုဒါနာနဲ့ အဲ့စ်ထရာဇေနေကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးတွေကို သီတင်းပတ်အနည်းငယ်အတွင်း သုံးသပ်ဆုံးဖြတ်နိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးတွေ ပံ့ပိုးမယ့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ ပါဝင်မယ့် ကိုဗက်စ် အစီအစဉ်အတွက် ကာကွယ်ဆေး ထိုးဆေး ၁ ဘီလီယံနီးပါး ရထားတာ သေချာပြီလို့ WHO ရဲ့ ညွှန်ချုပ် တေဒရော့စ် အဒါနွန် ဂေဘရီယေးဆပ်စ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ ကာကွယ်ဆေးတွေ ရောက်လာတာဟာ အကြီးစားတိုးတက်မှုလို့ WHO အရာရှိတွေက ရည်ညွှန်းပြောဆိုပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာအနှံ့ ဖြန့်နိုင်ဖို့ အချိန်ကြာကြာ လိုလိမ့်မယ်လို့ အလေးထား ပြောပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားမှာတော့ ကူးစက်မှု ပိုဆိုးလာနေပါတယ်။ နိုင်ငံတွေဟာ လူချင်းခွာနေဖို့၊ သံသယရှိသူတွေကို သီးခြားခွဲထားဖို့၊ အနီးကပ် ထိတွေ့သူတွေကို ခြေရာခံဖို့နဲ့ စမ်းသပ်ဖို့ စတဲ့ ကူးစက်မှု ထိန်းချုပ်ရေး ခြေလှမ်းတွေကို ဆက်လှမ်းနေရဦးမှာ ဖြစ်ပါတယ်။ WHO အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်မှူး မိုက်ရိုင်ယန်က “ကာကွယ်ရေးဟာ ဥမင်လိုဏ်ခေါင်း တဖက်စွန်းက အကြီးစား အလင်းရောင်ပါ။ ဒါပေမဲ့ ကျနော်တို့က လက်တွေ့ သွားဖို့ အများကြီး လုပ်ရပါလိမ့်မယ်” လို့ ပြောပါတယ်။
4 months Ago

ဖိုက်ဇာ ကိုဗစ်ကာကွယ်ဆေးကို အမေရိကန် FDA က အရေးပေါ်သုံးခွင့်ပြု

ဖိုက်ဇာကုမ္ပဏီနဲ့ ဂျာမနီမိတ်ဖက် ဘိုင်အိုအန်တက်ခ်တို့က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို အရေးပေါ် သုံးဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့ကြီး (FDA) က ဒီဇင်ဘာ ၁၁ ရက်မှာ ခွင့်ပြုပေးလိုက်ပါတယ်။ လူထုကို ပထမဆုံးအနေနဲ့ ရက်ပိုင်းအတွင်း ကာကွယ်ဆေး ထိုးပေးနိုင်တော့မှာပါ။ ဒါဟာ လူ ၃ သိန်းနီးပါး သေဆုံးခဲ့တဲ့အထိ ကပ်ဘေးသင့်ခဲ့တဲ့ အမေရိကန်နိုင်ငံအတွက် အပြောင်းအလဲ စမှတ်လို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီဆေးဟာ နောက်ပိုင်းအဆင့် စမ်းသပ်ချက်အတွင်း ရောဂါပိုးကို ကာကွယ်ရာမှာ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။ ပထမဆုံးအသုတ်အနေနဲ့ အဓိက ကာကွယ်ဆေးထိုးခံမယ့်သူ စုစုပေါင်း ၂ ဒသမ ၉ သန်းထဲမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ လုပ်သားတွေနဲ့ ရေရှည်စောင့်ရှောက်ပေးနေတဲ့ ဘိုးဘွားရိပ်သာထဲက သက်ကြီးနိုင်ငံသားတွေ ပါဝင်ပါတယ်။ FDA က ခွင့်ပြုချက် ကျတာနဲ့ ကာကွယ်ဆေးကို နိုင်ငံတလွှား ချက်ချင်းစပြီး ဖြန့်မယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
4 months Ago
Up