ဖိအားပေးထိုးခိုင်း

September 1, 2021

ရွှေပြည်သာစက်မှုဇုန်က စက်ရုံဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဖိအားပေးထိုးခိုင်း

ရွှေပြည်သာစက်မှုဇုန်မှာ စက်ရုံဝန်ထမ်းတွေကို ဖိအားပေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခိုင်း နေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

ဝန်ထမ်းအထက်အဆင့်ဆင့်က ဖိအားပေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လာရောက်ပြီး စာရင်းယူတာမျိုးရှိတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတယောက်က “တနေ့က စက်ရုံတရုံမှာ ဆေးထိုးဖို့ တရက်ကြိုစာရင်းပေးရပါတယ်။ နောက်နေ့ စစ်သားတွေ စက်ရုံထဲ ရောက်လာပါတယ်။ ထိုးပေးမဲ့နေ့ကတော့ စက်ရုံအထဲကို စစ်တပ်က အကောင်ကြီးတကောင်နဲ့ နောက်လိုက် ၄ ယောက် ဝင်လာတာတွေ့တယ်။ စက်ရုံထဲတောင် သေနတ်တကားကားနဲ့။ ထိုးမဲ့လူတွေ ဖောင်ဖြည့်ကြရပါတယ်။ ပြီးရင်တော့ အဲဒီလူတွေကိုခေါ်ပြီး ထိုးပေးတာ တွေ့ရပါတယ် ကိုယ်တွေ့ပါ” လို့ ပြောပါတယ်။

စက်ရုံခေါင်းဆောင်ဝန်ထမ်းတွေကတော့ ကိုယ်တိုင်ထိုးချင်လို့လား အလုပ်ထုတ်ခံရမှာ ကြောက်လို့လားတော့ မသိပေမဲ့ စံပြအနေနဲ့ထိုးကြတယ်လို့ ဆိုပါတယ်။

“တချို့စက်ရုံတွေမှာ မထိုးချင်လို့ မထိုးတဲ့သူက အဆင်ပြေနေပေမဲ့ တချို့စက်ရုံတွေမှာတော့ ဆေးမထိုးရင် အလုပ်ထုတ်ခံရမယ်လို့ တိုက်ရိုက်မပြောတာဘဲရှိတယ်။ အဲလိုသဘောကိုဆောင်တဲ့ စကားတွေနဲ့ စက်ရုံကဝန်ထမ်းတွေကို အထက်က HR ကစပြီး လိုင်းထဲက supervisor တွေ၊ Leader တွေကနေပြီးတော့ ဆေးမထိုးသေးမချင်း တယောက်ချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ meeting ခေါ်ပြီး အတင်းတိုက်တွန်းနေတာမျိုးတွေရှိနေပါတယ်” လို့ ပြောပါတယ်။

ဖိအားအပေးခံရတဲ့ရုံကတော့ တဝက်နီးပါးလောက်က မထိုးချင်ပေမဲ့လည်း ဖိအားတွေကြောင့် ထိုးဖို့ ခေါင်းငြိမ့်လိုက်ကြရပြီး တချို့စက်ရုံတွေကတော့ ဖိအားပေးတာသိပ်မရှိလို့ လူထောင်ကျော်ရှိတဲ့ စက်ရုံမှာ လူ ၃၀၊ ၄၀ လောက်ပဲ ထိုးကြတယ်လို့ သိရပါတယ်။

စက်ရုံ ဝန်ထမ်းတယောက်က “ခုချိန်က အလုပ်တွေရှားတော့ မထိုးချင်လည်း အထက်ကလူတွေရဲ့ စိတ်ကွက်မှာ စိုးလို့ရယ် အလုပ်ပြုတ်မှာ ကြောက်တာရယ်ကြောင့် ထိုးကြရတယ်ဗျ။ ကျောက်ကပ် အားနည်းသူလည်း ထိုးလို့ရတယ် ဆိုပြီးထိုးပေးတယ်။ ထိုးမပေးတာဆိုလို့ ကိုယ်ဝန်ဆောင်သည်ရယ် မီးဖွားထားသူတွေပဲ မထိုးပေးတာ။ အထဲက ကောင်မလေးတွေ သနားဖို့ ကောင်းတယ်။ အလုပ်ပြုတ်မှာ ကြောက်လို့ ထိုးတဲ့သူတွေချည်းပဲ။ သူတို့စိတ်နဲ့ဆို မထိုးချင်ကြဘူးဘဲ ပြောတယ်” လို့ ဆိုပါတယ်။

3 months Ago
Up