ဖိအားပေးခိုင်းစေမှု

December 13, 2020

ရွှေ့ပြောင်းနေထိုင်သူ ၂၁ ဦးအား ဖိအားပေးခိုင်းစေထားသူ ၃ ဦးကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

စပိန်နိုင်ငံက ချွေးထုတ်ဆိုင်တဆိုင်မှာ ဝှက်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂၁ ယောက်ကို ကျန်းမာရေးနဲ့မညီတဲ့ အနေအထားမှာ အတင်းဖိအားပေး ခိုင်းစေထားပြီး ၁ နာရီကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဒေါ်လာနဲ့ညီတဲ့ ၂ ယူရိုသာ ပေးတာ တွေ့ခဲ့ရတယ်လို့ ရဲတွေက ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ စပိန် အရှေ့တောင်ပိုင်း ဖုအန်တေအလာမိုမြို့က စက်ရုံမှာ အဝတ်ထုပ်ကြီးတွေရဲ့ နောက်မှာ ရွှေ့ပြောင်းလုပ်သားတွေအား ဝှက်ထားတာကို ရဲတွေရဲ့ ရုပ်သံမှတ်တမ်းက ပြထားပါတယ်။ အဲဒီအဝတ်ထုပ်တွေကို အာဖရိကနိုင်ငံတွေဆီကို ရောင်းချပါတယ်။ ဒီဖြစ်ရပ်အတွက် သားအဖ ၃ ယောက်ကို ဖမ်းထားပါတယ်။ စပိန်မှာ အနိမ့်ဆုံး လုပ်ခလစာဟာ ယူရိုငွေ ၁၀၅၀ ဖြစ်ပါတယ်။ ဖမ်းဆီးခံ ၃ ယောက်ဟာ ခက်ခဲတဲ့ လုပ်ငန်းခွင်ထဲမှာ ရွှေ့ပြောင်းလုပ်သားတွေ လုပ်လာရအောင် အခွင့်ကောင်းယူ အလွဲသုံးစား လုပ်ခဲ့တယ်။  ၁ နာရီ ၂ ယူရိုနဲ့ လုပ်ခိုင်းတဲ့အပြင် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားတွေ လုံးဝမရှိဘူးလို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ သံသယရှိသူ ၃ ယောက်ကို စနေနေ့မှာ တရားရုံးတင် တရားစွဲမယ်လို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
4 months Ago
Up