၂၀၂၀ ဖိလစ်ပိုင် ပါရာဂိမ်းကနေ ရွှေ ၁၈ ဆုထိရရှိဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ဖိလစ်ပိုင်မှာ ပြုလုပ်မယ့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု အားကစားသမား ၁၀၈ ဦး၊ အားကစားနည်း ၁၃ မျိုး ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမင်းနိုင်ဦးက ပြောပါတယ်။
ပြေးခုန်ပစ်၊ ရေကူး၊ ခုနှစ်ယောက်တဖက်ဘော်လုံး၊ ဂိုးလ်ဘော၊ ဘိုးလင်း၊ ထိုင်လျက်ဘော်လီဘော၊ ဝှီးချဲဘတ်စကတ်ဘော၊ အလေးမ၊ ကြက်တောင်၊ မြှားပစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ဘိုဆီယာ အားကစားနည်တွေ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ မလေးရှား ပါရာဂိမ်းမှာ ရွှေ ၁၁ ဆုရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၈ ဆုလောက်ထိ ရရှိဖို့ မျှော်မှန်းတယ်လို့ ဦးမင်းနိုင်ဦးက ပြောပါတယ်။
အခုနှစ် ဖိလစ်ပိုင်ပါရာဂိမ်းကလည်း ဆီးဂိမ်းလိုပဲ အိမ်ရှင်နိုင်ငံ အားသာမယ့်ပွဲစဉ်ရေးဆွဲထားတာမျိုးတွေရှိလို့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အားကစားနည်းမျိုး ၂၀ လောက် အနည်းဆုံးထည့်သွင်းကျင်းပမှာဖြစ်ပေမယ့် မြန်မာအားကစားအဖွဲ့အနေနဲ့ကတော့ အောင်မြင်မှုရနိုင်မယ့် အားကစားနည်းတွေကို စေလွှတ်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
မသန်စွမ်းအားကစားသမားတွေဟာ ပြိုင်ပွဲတိုင်းမှာ အာရှအဆင့်ထိ စံချိန်တွေချိုးပြီး ဆုတံဆိပ်များစွာ ရယူပေးနိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။
ပါရာဂိမ်းပြိုင်ပွဲ ၉ ကြိမ်ကျင်းပပြီးစီးခဲ့ရာမှာ ဆုတံဆိပ်ရရှိမှုအရ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ် ၁၈၁ ဆုရထားပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ရဲ့နောက် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
1 year Ago