ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မနေ့ညက မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ အိမ်ရှင် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားပါတယ်။
မြန်မာအသင်းက ဖိလစ်ပိုင်အသင်းဘက်ကို ပွဲစကတည်းက တိုက်စစ်ဆင် ဖိကစားခဲ့ပေမယ့် ဖိလစ်ပိုင်အသင်းက တသင်းလုံး အတင်းဝင် အတင်းထွက် မာမာထန်ထန် တန်ပြန်ကစားသွားခဲ့ပါတယ်။
မြန်မာအသင်းမှာ အတွေ့အကြုံရှိ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ခင်မာလာထွန်း၊ ခင်မိုးဝေ၊ ဝင်းသိင်္ဂီထွန်း စတဲ့ ကစားသမားတွေ ပါဝင်ကစားခဲ့ပေမယ့် ဖိလစ်ပိုင် ခံစစ်ကို မကျော်လွှားနိုင်ဘဲ ဂိုးမရှိ သရေရလဒ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက “အဖွင့်ပွဲစဉ် ဖြစ်သလို အိမ်ရှင်အသင်းနဲ့တွေ့တာဖြစ်လို့ ခက်ခဲပါတယ်။ ဖိလစ်ပိုင်အသင်းက အိမ်ရှင်ဖြစ်လို့ နောက်ဆုံး AFF ပြိုင်ပွဲရဲ့ လူစာရင်းကို ကစားသမားသစ်တွေနဲ့ အများကြီး ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဖိလစ်ပိုင်အသင်းရဲ့ မာမာထန်ထန် ကစားကွက်ကြောင့် မြက်ခင်းတုကွင်းမှာ ကျနော်တို့ ထင်သလို မကစားနိုင်ခဲ့ပါဘူး”လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။
မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ အုပ်စုတခုတည်း ကျနေတာဖြစ်ပြီး လက်ရှိ တပွဲ သရေ၊ ရမှတ် တမှတ် ရထားကာ နောက်ထပ်တပွဲနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်တက်ခွင့်ရမှာ ဖြစ်ပါတယ်။
အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ ဒီဇင်ဘာ ၂ ရက် မြန်မာစံတော်ချိန် ၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- MFF
3 years Ago