ဖိလစ်ပိုင်သမ္မတ

September 16, 2021

လူသားအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုကျုးလွန်ခြင်းမရှိ မရှိ ဖိလစ်ပိုင်သမ္မတကို ICC စစ်ဆေးမည်

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူဒါတေဦးဆောင်တဲ့ မူးယစ်စစ်ပွဲအောက်မှာ ကျူးလွန်ခံခဲ့ရတယ်လို့ စွပ်စွဲထားတဲ့ အမှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဟုတ် မဟုတ် ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး တရားဝင်စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC က တရားသူကြီးတွေက စက်တင်ဘာ ၁၅ ရက်မှာ အတည်ပြု လိုက်ပါတယ်။

မူးယစ်စစ်ပွဲအတွင်း လူသတ်မှု အလားအလာတွေကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် စတင် စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတွေရဲ့ မေတ္တာရပ်ခံချက်ကို တရားသူကြီး တွေက အတည်ပြုလိုက်တယ်လို့ ICC က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒူဒါတေရဲ့ မူးယစ်စစ်ပွဲဟာ ဥပဒေအာဏာတည်စေရေး တရားဝင် စစ်ဆင်ရေး လုပ်ဆောင်ချက်အဖြစ် ရှုမြင်လို့ မရနိုင်ဘဲ အရပ်သားတွေအပေါ် စနစ်တကျ တိုက်ခိုက်မှု အသွင်ဆောင်နေတယ်လို့ အစိုးရရှေ့နေတွေက ပြောပြီး သက်ဆိုင်ရာပစ္စည်းတွေကို တရားသူကြီး တွေဆီ တင်ပြခဲ့တာပါ။

လူ့အခွင့်အရေး အုပ်စုတွေကလည်း ဒူဒါတေကို လူသေစေတဲ့ အကြမ်းဖက်မှုတွေ ဖြစ်အောင် မီးထိုးသူအဖြစ် စွပ်စွဲကြပါတယ်။

ရဲတွေကတော့ စွဲချက်တွေကို ငြင်းပါတယ်။ သမ္မတ ဒူဒါတေကတော့ ရဲတွေ သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ သက်သက်အတွက် သတ်ဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

အိုင်စီစီကြေညာချက်နဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရက စက်တင်ဘာ ၁၅ ရက် နှောင်းပိုင်းအထိ တစုံတရာ မတုံ့ပြန်သေးပါဘူး။

4 months Ago

July 17, 2021

ကိုယ်ကျိုးကြည့် အမျိုးသားရေး ကာကွယ်ဆေးဝါဒ အဆုံးသတ်ရန် ဖိလစ်ပိုင်သမ္မတ တောင်းဆို

ကိုယ့်တနိုင်ငံတည်းအတွက်သာကြည့်တဲ့ အမျိုးသားရေး ကာကွယ်ဆေးဝါဒကို အဆုံးသတ်ဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တောင်းဆိုလိုက်ပြီး ချမ်းသာကြွယ်ဝတဲ့ တချို့နိုင်ငံတွေက ကာကွယ်ဆေးတွေ သိုလှောင်နေကြတာကိုလည်း ဝေဖန်ပြောကြား လိုက်ပါတယ်။ 

အာရှ - ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်တွေရဲ့ အလွတ်သဘော သီးသန့်တွေ့ဆုံမှုအတွင်း စီးပွားဖက်ခေါင်းဆောင်တွေဟာ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ချမ်းသာတဲ့နိုင်ငံတွေကို ရောက်နေပြီးတော့ ကျနော်တို့လို ကျန်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ နည်းနည်းလေးပဲ ရတယ်ဆို တာကို သိနေပါတယ်လို့  ဒူတာတေးက ပြောပါတယ်။ 

ကာကွယ်ဆေးရရှိဖို့ ဒီလောက်ကွာဟချက် ကြီးမားလွန်းတဲ့ မညီမျှမှုကြီးကို ပြန်ပြုပြင်ဖို့ လိုအပ်နေပြီး ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အမျိုးသားရေးဝါဒကို အဆုံးသတ်ရပါမယ်လို့လည်း ဆိုပါ တယ်။

နိုင်ငံတွေမှာ ကျနော်တို့အားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေ အစုလိုက်အပြုံလိုက် ဘယ်လိုတွေ သိုလှောင်ထားနိုင်ပြီးတော့ ကျနော်တို့တွေ အားလုံးကို ကယ်တင်နိုင်တဲ့  အသက်ကယ်ကာကွယ်ဆေးတွေနဲ့ ဆေးဝါးအထောက်အပံ့ အရံတွေ အပိုတွေ ဆောင်ထားတာတွေကို ဝေမျှပေးဖို့က ဘာကြောင့် အဆင်သင့် မရှိရတာပါလဲလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မေးခွန်းထုတ် ပြောဆိုခဲ့တာပါ။ 

ဖိလစ်ပိုင်သမ္မတက ကာကွယ်ဆေးတွေ မျှတလုံလောက်စွာ ရရှိစေဖို့ နိုင်ငံအားလုံးကို တောင်းဆိုလိုက်ပြီး ထိရောက်တဲ့ လူအစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးခြင်းကသာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် သော့ချက် ဖြစ်တယ်လို့လဲ အလေးပေး ပြောဆိုသွားပါတယ်။

6 months Ago
More News
Up