ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပတ်ကွီအိုဟာ ၂၀၂၂ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက် အရွေးခံမယ် လို့ စက်တင်ဘာ ၁၉ ရက်က ပြောလိုက်ပါတယ်။
သမ္မတ ရိုဒရီဂို ဒူဒါတေရဲ့ တရုတ်နဲ့ ဆက်ဆံရေးနဲ့ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်သံ ထွက်လာအပြီးမှာ သူ့ရဲ့ နိုင်ငံရေး စီမံကိန်းကို ခုလို ကြေညာလိုက်တာပါ။
သူဦးဆောင်တဲ့ လက်ရှိအာဏာရ ပီဒီပီ လာဘန်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံအတွင်း နိုင်ငံရေး မဟာမိတ်တွေရဲ့ နာမည်စာရင်းတင်သွင်းမှုကို သူက လက်ခံ ခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ပတ်ကွီအိုဟာ ကမ္ဘာ့သမိုင်းတလျှောက်လုံးမှာ အကျော်ကြားဆုံး လက်ဝှေ့သမားတွေထဲက တယောက် ဖြစ်ပြီး မတူတဲ့ ပွဲစဉ် ၈ မျိုးမှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရထားသူပါ။ လက်ဝှေ့သမား သက်တမ်း ၂၆ နှစ် ရှိတယ်လို့ ဆိုပါတယ်။
ပတ်ကွီအိုဟာ လူကြိုက်များပေမဲ့ ထင်မြင်ချက် စစ်တမ်းမှာ ရှေ့တန်းမှာ ပြေးနေတဲ့ သူတွေ ထက်တော့ နောက်ကောက်ကျနေသေးပါတယ်။
သူ့ရှေ့မှာ လက်ရှိ သမ္မတ ဒူဒါတေရဲ့သမီးဖြစ်သူ စာရာဒူဒါတေကာပီအိုက အစဉ်တစိုက် တစ်ပြေးနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။