ဖိလစ်ပိုင်ရေငုပ်သမား

September 19, 2021

ကမ္ဘာ့သန့်ရှင်းရေးနေ့ ဖိလစ်ပိုင်ရေငုပ်သမားများ ရေအောက်သန့်ရှင်းရေးလုပ်

ကမ္ဘာ့သန့်ရှင်းရေးနေ့ စက်တင်ဘာ ၁၈ ရက်မှာ ဖိလစ်ပိုင်နိုင်ငံက ရေငုပ်သမား တအုပ်စုဟာ ဘာတန်ဂက်စ်ပြည်နယ်က လူကြိုက်များတဲ့ ရေငုပ်ရာနေရာမှာ ရေအောက် သန့်ရှင်းရေး လုပ်ခဲ့ ကြပါတယ်။

ဒါဇင်နဲ့ချီတဲ့ ရေငုပ်သမားတွေဟာ ကလေး ခါးတောင်းကျိုက် အဟောင်းတွေ၊ ပုလင်းတွေ၊ ငါးဖမ်းပိုက်တွေနဲ့ ပလတ်စတစ်အိတ်တွေကို ရေအောက် သန္တာကျောက်တန်းတွေ ပေါ်ကနေ ကောက်ယူ ဖယ်ရှားခဲ့ကြပါတယ်။

ရေအောက်က အမှိုက်တွေကို မဖယ်ရင် ပင်လယ်သတ္တဝါတွေ သေနိုင်တယ်လို့ ပွဲစီစဉ်သူ ကာမေလာ ဆေဗီလာက ပြောပါတယ်။

မုတ်သုန်ရာသီအတွင်း မုန်တိုင်းတွေ တိုက်ခတ်အပြီးမှာ နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေက အမှိုက်တွေဟာ ကမ်းခြေတွေနဲ့ ရေအောက်ကို ရောက်လာခဲ့တာပါ။

သမုဒ္ဒရာထဲက ပလတ်စတစ်အများစုဟာ ကမ္ဘာတဝန်းက မြစ်တွေနဲ့ ပင်လယ် ကမ်းရိုးတန်းက လာတဲ့ အမှိုက်တွေလို့ Our World in Data အဖွဲ့က၂၀၂၁ ခုနှစ်ထုတ် သိပ္ပံပညာဆိုင်ရာ အစီရင်ခံစာ ထဲမှာ ဆိုထားပါတယ်။

အမှိုက် ၈၁ ရာခိုင်နှုန်းက အာရှက ဖြစ်ပြီး အာရှရဲ့ ပင်လယ်ရေအောက် ပလတ်စတစ် အမှိုက်  ၃ပုံတပုံက ဖိလစ်ပိုင် နိုင်ငံကလာတာလို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့သန့်ရှင်းရေးနေ့ကို နှစ်စဉ် စက်တင်ဘာလရဲ့ တတိယ စနေနေ့မှာ ကျင်းပပြီး ပင်လယ်ထဲ မျောပါနေတဲ့ အမှိုက် အစိုင်အခဲတွေအရေးကို ထင်သာမြင်သာရှိအောင် ရည်မှန်းထားတဲ့ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာလုံးဆိုင်ရာ တာဝန်သိစိတ် နှိုးဆော်ချက်လည်း ဖြစ်ပါတယ်။

2 years Ago
Up