ဖိလစ်ပိုင်ပြဇာတ်မင်းသမီးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ ဆန့်ကျင်သည့် ဖျော်ဖြေမှု ပြုလုပ်

September 20, 2017

ဖိလစ်ပိုင်ပြဇာတ်မင်းသမီးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ ဆန့်ကျင်သည့် ဖျော်ဖြေမှု ပြုလုပ်

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ အမျိုးသမီးတဦးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို ဆန့်ကျင်တဲ့ တကိုယ်တော် စင်တင်ဖျော်ဖြေမှု လုပ်ခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲမှာ လေးကိုယ်ခွဲပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတိုက်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သရုပ်ဆောင်ပြခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ ရိုဒရီဂို ဒူတာတေး တက်လာပြီးနောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲတွေ ဆင်နွှဲခဲ့တာကြောင့် သေဆုံးသူအရေအတွက် ထောင်ပေါင်းများစွာ ရှိခဲ့ပေမယ့် နိုင်ငံသား အမြောက်အမြားကတော့ သူ့ကို ထောက်ခံနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲတွေကို ဆန့်ကျင်တဲ့ နာမည်ကြီး ပြဇာတ်မင်းသမီး မေပန်နာဆိုသူ တယောက်လည်း ရှိပါတယ်။ သူမဟာ ရဲကနေ လူသတ်သမားဖြစ်သွားတဲ့ ဇာတ်ရုပ်၊ မုဆိုးမဖြစ်သွားတဲ့ ဇွန်ဘာကချေသည်၊ ဓာတ်ပုံသတင်းထောက်နဲ့ မိဘမဲ့ကလေး ဇာတ်ရုပ်တွေပါတဲ့ ပြဇာတ်ကို ကပြဖျော်ဖြေရင်း လူတွေကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲအပေါ် ရှုတ်ချဖို့၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ဆုံးရှုံးမှုတွေကို ထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းနေသူ ဖြစ်ပါတယ်။ "အနုပညာရှင်တယောက်အနေနဲ့ ခံစားနေရတဲ့လူတွေရဲ့ ခံစားချက်တွေကို ကျန်တဲ့သူတွေ စိတ်ထဲကို ရောက်သွားအောင်၊ သမ္မတကြီး ဒူတာတေးရဲ့ စိတ်ထဲကို ရောက်သွားအောင်၊ ရဲချုပ်ကြီးရဲ့စိတ်ထဲ ရောက်သွားအောင် တတ်နိုင်သမျှ ဖန်တီးသွားမှာပါ။ အဲဒီလို လူတွေရဲ့ အာရုံကို လှုပ်နှိုးဖို့၊ သမ္မတကြီးကို လက်ရှိအခြေအနေတွေ မြင်ပြီး အဲဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူသတ်ပွဲကို ကျမတို့ ဆန့်ကျင်တယ်လို့ ပြရမှာက ကျမတို့ အနုပညာရှင်တွေရဲ့ တာဝန်ပဲလို့ ခံယူထားပါတယ်" လို့ ပြဇာတ်မင်းသမီး မေပန်နာက ပြောပါတယ်။ ပြဇာတ်လာကြည့်သူတဦးက "အခုလိုမျိုး ပြဇာတ်တွေ များများပြလို့ လူတွေ များများကြည့်ပြီးတဲ့အခါ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို လူတွေရဲ့စိတ်ထဲမှာ မေးစရာတွေ ရှိလာပါလိမ့်မယ်။ လူတွေ စိတ်ဝင်စားလာ မေးလာပြီး စုံစမ်းလာကြပြီဆိုရင် တဖြည်းဖြည်းနဲ့ ဒီပြဿနာရဲ့အဖြေကို ကျေန်ာတို့ မကြာခင် ရှာတွေ့လာမှာပါ" လို့ ပြောပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကက်သလစ် ဘုရားကျောင်းတွေနဲ့ အတိုက်အခံ ဥပဒေပညာရှင်တွေက လူငယ်တွေအပါအဝင် ဆင်းရဲတဲ့ မြို့ပြလူတန်းစားတွေ အဓိကသေဆုံးနေကြရတဲ့ အဲဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဆန့်ကျင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ လအတွင်း ရဲတွေရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးတွေကြောင့် သေဆုံးခဲ့ရသူ ၃၈၀၀ ကျော်ရှိပြီး တခြားဆက်စပ်နေတဲ့ စစ်ဆင်ရေးတွေကြောင့် သေဆုံးခဲ့ရသူကတော့ အနည်းဆုံး ၂၁၀၀ ရှိတယ်လို့ သိရပါတယ်။ စစ်ဆေးခြင်းမရှိဘဲ သံသယရှိသူတွေကိုပါ သတ်ပစ်တယ်ဆိုတဲ့  လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စွပ်စွဲချက်တွေကိုတော့ ရဲတွေက ငြင်းဆိုထားကြောင်း သိရပါတယ်။
4 years Ago
Up