ဖိလစ်ပိုင်မျှော်မှန်း

December 30, 2017

မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေး သေဆုံးမှုလျှော့ချနိုင်ရန် ဖိလစ်ပိုင်မျှော်မှန်း

ဖိလစ်ပိုင်နိုင်ငံရဲ့ ထိပ်တန်း မူးယစ်နှိမ်နင်းရေး အေဂျင်စီက မူးယစ်ဆေးနှိမ်နင်းရေး စစ်ဆေးရေးအတွင်း သေဆုံးမှု လျှော့ချနိုင်ဖို့ ရည်မှန်း လုပ်ဆောင်နေပါတယ်။ ဖိလစ်ပိုင် မူးယစ်ဥပဒေအာဏာတည်စေရေး အေဂျင်စီ (PDEA) က သီတင်းပတ်ချီ စောင့်ကြည့်အပြီးမှာ ဖိလစ်ပိုင် မြို့တော်မနီလာက တွန်ဒိုခရိုင်မှာ မူးယစ်ဒုစရိုက်သမားတွေရဲ့ ရိပ်မြုံလေးခုကို သွေးမြေမကျ ဖမ်းဆီးခဲ့ပါတယ်။ တန်ဒိုခရိုင်ဟာ တရားမဝင် မူးယစ်ဆေး ဖြန့်ဖြူးရာ ဒုစရိုက်နယ်မြေပါ။ အုပ်ချုပ်ရေး ညံ့ဖျင်းမှု စွဲချက်ကြောင့် အောက်တိုဘာလက လုပ်ငန်းမရပ်ဆိုင်းခင်က မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း သံသယရှိသူ မြို့ပြဆင်းရဲသား အများစုဖြစ်တဲ့ လူအယောက် လေးထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင် မူးယစ်စစ်ဆင်ရေးဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေရဲ့ ဝေဖန် ပြစ်တင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ရဲတွေကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း လူအသေအပျောက် ဖြစ်ရတာလို့ ပြောပါတယ်။ ဒါပေမယ့် သမ္မတ ရိုဒရီဂို ဒူဒါတေ ရဲ့ မူးယစ်စစ်ဆင်ရေးအတွင်း PDEA ရဲ့ စီးနင်းချိန် တွေမှာ မူးယစ်သံသယရှိသူ ၂၈ ယောက်သာ သေဆုံးခဲ့တယ်လို့ PDEA ရဲ့ ပြောခွင့်ရက ပြောပါတယ်။ ၂၀၀၂ ခုနှစ်က တည်ထောင်ခဲ့တဲ့ PDEA အထူးတပ်ဖွဲ့ဟာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုစည်းပြီး ဖိလစ်ပိုင် မူးယစ်တိုက်ဖျက်ရေး ဥပဒေကို အကောင်အထည်ဖော်နေတာပါ။ ထင်ရှားတဲ့ အလယ်အလတ်အဆင့် မူးယစ်ဂိုဏ်းခေါင်းဆောင်တွေကို ရှာဖွေတာ၊ သက်သေစုတာနဲ့ ဖမ်းဆီးတရားရုံးပို့တာတွေဟာ သူတို့ရဲ့ စစ်ဆင်ရေးလုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ “တကယ်လို့ မူးယစ်ရာဇာကို ဖမ်းမိပြီဆိုရင် ကျနော်တို့ကို သတ်ဖို့ သူတို့က လူသတ်သမား ငှားကောင်း ငှားနိုင်တယ်။ ပြီးရင် တရားရုံးခန်းမ အပြင်မှာ စောင့်ခိုင်းထားလိမ့်မယ်” happy လို့ နာမည်ဝှက်ပေးထားတဲ့ PDEA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ PDEA အထူးတပ်ဖွဲ့ရဲ့ ဒုညွှန်မှူး ခရစ်စတီး စီလ်ဗန်ကတော့ သူတို့ ဌာနမှာ အရင်းအမြစ် ပြတ်လပ်နေပြီး ရဲတပ်ဖွဲ့ရဲ့ ပံ့ပိုးမှုကို ကြိုဆိုခဲ့တယ်လို့ ပြောပါတယ်။ သတိရှိရှိ စီမံမှုက လူသေဆုံးမှု နည်းတဲ့ စစ်ဆင်ရေးရဲ့ အဓိက သော့ချက်ဖြစ်တယ်။ သူတို့ဟာ လူသေဆုံးမှု လျှော့ချရေးနဲ့ စစ်ဆင်ရေး အကောင်အထည် ဖော်ဖို့ သင့်တော်တဲ့ အချိန်ကို ရှာတယ်လို့လည်း ပြောခဲ့ပါတယ်။
3 years Ago
Up