ဖိလစ်ပိုင်အစိုးရ

January 25, 2017

အာဆီယံဒေသကို ပြိုင်ဆိုင်မှုကြားခံအဖြစ် အသုံးမချရန် ဖိလစ်ပိုင်အစိုးရ ပြော

အာဆီယံဒေသကို ပြိုင်ဆိုင်မှုအတွက် ကြားခံအဖြစ် အသုံးမချဖို့ ဖိလစ်ပိုင်အစိုးရက အာဆီယံပြင်ပနိုင်ငံ အစိုးရတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ပြောဆိုလိုက်ပါတယ်။ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းချင်တယ်၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းဖို့ လုပ်ငန်းစဉ်ကို ချမှတ်ချင်တယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဒီနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး နှစ်စဉ် ကျင်းပနေကျ အစည်းအဝေးတွေကို လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံတို့ လတ်တလောနှစ်တွေအတွင်း အငြင်းပွားခဲ့ပါတယ်။ ဒီအရေးဟာ အာဆီယံအဖွဲ့တွင်း ပွတ်တိုက်မှု အရင်းအမြစ် ဖြစ်ခဲ့တာပါ။ ပြင်ပ အင်အားကြီးနိုင်ငံတွေဟာ အာဆီယံဒေသတွင်းမှာ သူတို့အင်အားကို လာမပြိုင်သင့်ဘူးလို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက စင်ကာပူမှာ ကျင်းပခဲ့တဲ့ လုံခြုံရေးညီလာခံမှာ နိုင်ငံပေါင်း ၂၀ ကျော်က ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့ပါတယ်။ တရုတ်ဟာ ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးကင်းလွတ်ဇုန်ထဲမှာ လူလုပ်ကျွန်း အတော်များများကို တည်ဆောက်ခဲ့လို့ နိုင်ငံတကာတရားရုံးမှာ ဖိလစ်ပိုင်အစိုးရက တိုင်ကြားခဲ့ပါတယ်။ တရားရုံးကလည်း တရုတ်ရဲ့ ဆောက်လုပ်မှုက တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖိလစ်ပိုင်ကတော့ အချုပ်အခြာ ပိုင်ဆိုင်မှုနဲ့ တရုတ်ရဲ့ ဒေါ်လာဘီလီယံချီတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြားမှာ ဟန်ချက်ညီအောင် ကြိုးစား ထိန်းကျောင်းနေရတာပါ။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဦးတည်တဲ့ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံတန် စီမံကိန်း ၃၀ အတွက် ဖိလစ်ပိုင်နဲ့ပူးပေါင်းဖို့ တရုတ်က သဘောတူတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ ဖိလစ်ပိုင်အစိုးရ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံဆီ ၂ ရက်ကြာ အလည်အပတ်ခရီးအတွင်း ပထမဆုံး ကြေညာချက်လည်း ဖြစ်ပါတယ်။
5 years Ago
Up