ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှု ပိုင်ရှင်နှင့်ဝန်ထမ်းများကို လူသတ်မှုဖြင့် စွဲချက်တင်

July 5, 2015

ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှု ပိုင်ရှင်နှင့်ဝန်ထမ်းများကို လူသတ်မှုဖြင့် စွဲချက်တင်

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်၂ ရက်နေ့က အနည်းဆုံး ၅၉ ယောက်သေဆုံးခဲ့ရတဲ့ ကူးတို့ သင်္ဘောတိမ်းမှောက် နစ်မြုပ်မှုမှာ တာဝန်ရှိတဲ့ သင်္ဘောပိုင်ရှင်နဲ့ သင်္ဘောဝန်ထမ်းတွေကို လူသတ်မှုနဲ့ ဇူလိုင် ၄ ရက်နေ့မှာ အစိုးရက စွဲချက်တင်လိုက်ပါတယ်။ သင်္ဘောဟာ ခရီးသည် ၁၇၃ ဦးနဲ့ အော်မော့စ် Ormoc ဆိပ်ကမ်းအလွန် ရေလှိုင်းထန်နေတဲ့အချိန်မှာ တိမ်းမှောက်ခဲ့တာပါ။ လက်ရှိအချိန်အထိ စုံစမ်းသိရှိထားတာကတော့ သင်္ဘောမောင်းနှင်သူရဲ့အမှားနဲ့ သင်္ဘောပေါ်မှာ လူအဆမတန် တင်ဆောင်ထားလို့ ဆိုပါတယ်။ လူအဆမတန်တင်ဆောင်တယ်ဆိုတဲ့ စွပ်စွဲမှုကို သင်္ဘောပိုင်ရှင်က ငြင်းဆိုထားပြီး သင်္ဘောအကွေ့မှာ ကြီးမားတဲ့လှိုင်းနဲ့ ရိုက်ခတ်မိတယ်လို့ သင်္ဘောကပ္ဗတိန်က ပြောဆိုပါတယ်။ ဇူလိုင် ၄ ရက်နေ့က သင်္ဘောပိုင်ရှင်နဲ့ သင်္ဘောကပ္ပတိန် အပါအ၀င် သင်္ဘောဝန်ထမ်း ၁၉ ဦးကို ဖမ်းဆီးရုံးတင်ထားတယ်လို့ ဒေသခံရဲအာဏာပိုင်တွေက ပြောဆိုပါတယ်။ သင်္ဘောဟာ စီဘူပြည်နယ် ကမ်မိုတို Camotos မြို့ကနေ လေးတီ Leyte ပြည်နယ်အနောက်တောင်ပိုင်းကို ခုတ်မောင်းစဉ် တိမ်းမှောက်ခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံမှာ ထောင်နဲ့ချီတဲ့ ကျွန်းတွေကို အခုလို ကူးတို့သင်္ဘောတွေနဲ့ ကူးလူးသွားလာနေကြတာပါ။ ဒါပေမယ့် သင်္ဘောတွေရဲ့ ကြံ့ခိုင်မှု၊ ထိန်းသိမ်းမှုဟာ အားနည်းတဲ့အတွက် နှစ်စဉ်သင်္ဘောမတော်တဆမှုတွေနဲ့ လူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာပါ။
6 years Ago
Up