ဖိလစ်ပိုင်ရှိ မာယွန်မီးတောင် စတင်ပေါက်ကွဲ

January 22, 2018

ဖိလစ်ပိုင်ရှိ မာယွန်မီးတောင် စတင်ပေါက်ကွဲ

ဖိလစ်ပိုင်နိုင်ငံ အယ်ဘိုင်ပြည်နယ်ရှိ မာယွန်မီးတောင်ဟာ ဒီကနေ့မွန်းလွဲပိုင်းက စတင်ပေါက်ကွဲခဲ့ပါတယ်။ ဒီအတွက် သတိပေးချက်ကို အဆင့် ၃ ကနေ အဆင့် ၄ အထိ တိုးမြှင့်လိုက်တယ်လို့ ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကိုလည်း မီးတောင်ဝန်းကျင် ၈ ကီလိုမီတာအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ အဲဒီ မာယွန်မီးတောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က စတင် သက်ဝင်လှုပ်ရှားခဲ့တာပါ။ မီးတောင်ကမှုတ်ထုတ်တဲ့ ပြာမှုန်တွေဟာ အနီးဝန်းကျင် စိုက်ပျိုးရေးရွာတွေကို ပြန့်လွင့်ခဲ့တဲ့အတွက် လူပေါင်း ၂၂,၀၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကောင်စီက ဆိုပါတယ်။ အယ်ပိုင်ပြည်နယ်တခုလုံးရှိ ကျောင်းအားလုံးကိုလည်း ဇန်နဝါရီ ၂၃ ရက်နေ့မှာ ယာယီပိတ်သွားမှာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီ မာယွန်မီးတောင်ဟာ မြို့တော် မနီလာ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ကျော် အကွာမှာ တည်ရှိပြီး အမြင့် ၂,၄၆၂ မီတာရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up