ဖိလစ်ပိုင်တွင် သေနတ်ပစ်ခံရမှုကြောင့် တရုတ်သံအရာရှိ ၂ ဦး သေဆုံး (ရုပ်သံ)

A d v e r t i s e m e n t With Us

October 22, 2015

ဖိလစ်ပိုင်တွင် သေနတ်ပစ်ခံရမှုကြောင့် တရုတ်သံအရာရှိ ၂ ဦး သေဆုံး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့က တရုတ်သံအရာရှိ ၂ ဦး စားသောက်ဆိုင်အတွင်း သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။ တရုတ်သံရုံး ဒုတိယကောင်စစ်ဝန်နဲ့ ဘဏ္ဍာရေးအရာရှိတဦးတို့ ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားပြီး ကောင်စစ်ဝန်ကတော့ သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တရုတ်ကောင်စစ်ဝန်ရဲ့ မွေးနေ့ပွဲကျင်းပနေချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လည်ပင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ကောင်စစ်ဝန်ကတော့ ဆေးရုံမှာ အခြေအနေ ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံရုံးဝန်ထမ်း အမျိုးသမီးတဦးနဲ့ သူ့ရဲ့ခင်ပွန်းကို ဖမ်းဆီးထားပြီး ပစ်ခတ်မှုနဲ့ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဖိလစ်ပိုင်ရဲမှူးကြီး ပရူဒန်စီယို ဘန်နာ့စ် (Prudencio Banas) က သတင်းထောက်တွေကို ပြောပါတယ်။ စားသောက်ဆိုင်ရဲ့ အထူးခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနီးမှာပဲ သေနတ်တိုတလက် တွေ့ရှိခဲ့တယ်လို့လည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ပစ်ခတ်မှုမဖြစ်ခင် စားသောက်ခန်းထဲမှာ မိတ်ဆွေအပေါင်းအသင်းတွေ အချင်းချင်း ငြင်းခုံသံတွေ ကြားခဲ့ရတယ်လို့ စားသောက်ဆိုင် စားပွဲထိုးတဦးကလည်း ပြောဆိုပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကရော၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကရော တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။
5 years Ago
Up