ဖိလစ်ပိုင်တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်၊ လူ ၁ ဦး သေဆုံး

March 6, 2017

ဖိလစ်ပိုင်တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်၊ လူ ၁ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ မတ်လ ၅ ရက်နေ့က အင်အားအတင့်အသင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူတဦး သေဆုံးခဲ့ပါတယ်။ အင်အား ၅ ဒသမ ၉ ရှိခဲ့ပြီး လူ ၂၅ ဦး ဒဏ်ရာရရှိတယ်လို့လည်း ဖိလစ်ပိုင် မြေငလျင်တိုင်းတာရေး အေဂျင်စီနဲ့ ဆူရီဂေါင်း ဒယ် နိုဒယ် (Surigao del Norte) ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပြီးခဲ့တဲ့လက အဲ့ဒီဒေသမှာ မြေငလျင်လှုပ်ခတ်ခဲ့လို့ ပျက်စီးခဲ့တဲ့ နေအိမ်တွေဟာ ဒီငလျင်ကြောင့် ပိုပြီးပျက်စီးခဲ့တယ်၊ လုံးဝပြိုကျသွားတဲ့ နေအိမ်ကတော့ ၂ လုံးရှိတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေသခံ ရေဒီယိုသတင်းဌာနတခုကို ပြောပါတယ်။ ပြီးခဲ့တဲ့လ ၁၀ ရက်နေ့က ဒီ မင်ဒါနောင် (Mindanao) ကျွန်းပေါ်မှာပဲ အင်အား ၆ ဒသမ ၇ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တုန်းကတော့ လူ ၄ ဦးသေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။ အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်အင်အားကို ဖိလစ်ပိုင် မြေငလျင်တိုင်းတာရေးစခန်းက အင်အား ၅ ဒသမ ၉ လို့ ထုတ်ပြန်ပေမယ့် အမေရိကန် မြေငလျင်တိုင်းတာရေးစခန်းကတော့ အင်အား ၅ ဒသမ ၇ လို့ ထုတ်ပြန်ခဲ့ပါတယ်။
5 years Ago
Up