စွန့်ပစ်ပစ္စည်းတွေ တင်ပို့မှုနဲ့ ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွား ပြီးချိန်မှာ ဖိလစ်ပိုင် နိုင်ငံကိုပို့ထားတဲ့ ကနေဒါ စွန့်ပစ်ပစ္စည်းတွေကို ဖိလစ်ပိုင်ကနေ ကနေဒါဆီ ပြန်ပို့ခဲ့ပါတယ်။
အမှိုက်တွေပါတဲ့ ကုန်သေတ္တာတွေကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ သင်္ဘောတစီးပေါ်ကနေ ချနေတာကို ဇွန်လ ၂၉ ရက်က တွေ့ရပါတယ်။
စွန့်ပစ်ပစ္စည်း ကုန်သေတ္တာ ၆၉ လုံးကို ကနေဒါ ပြန်ပို့ရေး ပုဂ္ဂလိက သင်္ဘော ကုမ္ပဏီ ကိုငှားဖို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူဒါတေက သူ့အစိုးရကို အရင်လက အမိန့်ပေးခဲ့ပါတယ်။
၂၀၁၃ နဲ့ ၂၀၁၄ ကြား ဖိလစ်ပိုင်ကို တင်ပို့ခဲ့တဲ့ အမှိုက်တွေဟာ အစိုးရ သဘောတူညီချက် မပါဘဲ စီးပွားရေးအရ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်လို့ ကနေဒါအစိုးရက ပြောပါတယ်။
ဒီအမှိုက်တွေကို ပြန်လက်ခံမယ်လို့ ကနေဒါက သဘောတူပေမယ့် မေလ ၁၅ ရက်မှာ နောက်ဆုံးထား လက်ခံဖို့ ဖိလစ်ပိုင်အစိုးရက သတ်မှတ်ထားတဲ့ ရက်စွဲကိုတော့ မမီခဲ့ပါဘူး။
ဒါကြောင့် ဖိလစ်ပိုင်အစိုးရက ကနေဒါမှာ တာဝန်ထမ်းဆောင်နေတဲ့ ထိပ်တန်း သံတမန်တွေကို ပြန်ခေါ်ခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံထဲမှာ ပြန်သန့်စင်မယ့် ပလတ်စတစ်တွေ ပါတယ်လို့ ကုန်သေတ္တာတွေမှာ တံဆိပ်တပ်ထားပေမယ့် တကယ်တမ်းမှာ ကလေးအညစ်အကြေးခံတဲ့ ပစ္စည်းတွေ၊ သတင်းစာနဲ့ ရေသန့်ဘူးခွံတွေသာပါတယ်လို့ ရိုက်တာ သတင်း ဌာနက အစီရင်ခံပါတယ်။
ဒီစွန့်ပစ်ပစ္စည်းတွေကို ကနေဒါ ဘေးကင်းရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေနဲ့ အညီ ဘေးကင်းကင်း စီရင်မယ်လို့ ကနေဒါ အစိုးရက ပြောပါတယ်။
4 years Ago