ဖိလစ်ပိုင်တောင်ပိုင်းတွင် အစ္စလာမ္မစ် စစ်သွေးကြွများကို အဆုံးသတ် ထိုးစစ်ဆင်

September 4, 2017

ဖိလစ်ပိုင်တောင်ပိုင်းတွင် အစ္စလာမ္မစ် စစ်သွေးကြွများကို အဆုံးသတ် ထိုးစစ်ဆင်

ဖိလစ်ပိုင်စစ်တပ်ဟာ နိုင်ငံတောင်ပိုင်းက မာရာဝီမြို့ကို သိမ်းပိုက်ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို အဆုံးသတ် ထိုးစစ်ဆင်နေတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။ မာရာဝီထိုးစစ် ပထမနဲ့ ဒုတိယအဆင့်တွေကတော့ ပြီးဆုံးခဲ့ပြီး အဆုံးသတ်ထိုးစစ် ဆင်နေတာပါ။ လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေ ပြန်နိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိလာအောင် ပြင်ဆင်နေတယ်၊ တရက် နှစ်ရက်အတွင်း ဖြစ်လာမယ်လို့ ဆိုလိုတာ မဟုတ်ဘဲ ၃ ပတ်ကနေ တလလောက် အချိန်ယူရနိုင်တယ်လို့ ဖိလစ်ပိုင်စစ်တပ် ဗိုလ်ချုပ်ကြီး ကာလီတို ဂါဗက်ဇ်က ပြောပါတယ်။ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို သစ္စာခံတဲ့ ဒေသခံ မောက်ထ်အုပ်စုက မေလ ၂၃ ရက်ကစပြီး မြို့ကိုသိမ်းထားလို့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာပါ။ သူပုန်အများစု အပါအဝင် စုစုပေါင်း လူ ၈၁၉ ဦး သေဆုံးခဲ့ပါတယ်။ မာရာဝီမြို့တွင်းနေ သူပုန်တွေကို ချေမှုန်းရေး နောက်ဆုံးသတ်မှတ်ရက်နဲ့ ပစ်မှတ်တွေကို စစ်တပ်က လွဲချော်နေတာ အခါခါရှိပါပြီ။ မင်ဒါနာအိုကျွန်းပေါ်က မွတ်ဆလင်မြို့မှာ ကျယ်ကျယ်ပြန့်ပြန့် သူပုန်ထနေမှုကို ထိန်းချုပ်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေ ထွက်နေပါတယ်။ ဒီနှစ်ကုန်ပိုင်းထိအောင် မင်းဒါနာအိုကျွန်းကို စစ်အုပ်ချုပ်ရေးဥပဒေ အမိန့်ထုတ်ထားတဲ့ သမ္မတ ရိုဒရီဂို ဒူတာတေက စစ်အင်အားကို စစ်သည် ၂ သောင်းထိ တိုးပြီးချထားနိုင်ရေးအတွက် ရန်ပုံငွေ အတည်ပြုပေးဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းထားပါတယ်။
4 years Ago
Up