ဖိလစ်ပိုင်တွင် အကျဉ်းထောင်တွင်းပေါက်ကွဲမှု ၁၀ ဦးသေဆုံး

August 12, 2016

ဖိလစ်ပိုင်တွင် အကျဉ်းထောင်တွင်းပေါက်ကွဲမှု ၁၀ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ အကျဉ်းထောင်တွင်းမှာ သြဂုတ် ၁၁ ရက်ညက ပေါက်ကွဲမှုဖြစ်ပွားရာ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ DZBB ရေဒီယိုက ဒီကနေ့ထုတ်လွှင့်ပါတယ်။ ထောင် အဆောက်အဦရဲ့ ပထမထပ်ရှိ ၀ါဒါတဦးရဲ့ရုံးခန်းတွင်းမှာ ည ၈ နာရီ ၃၀ လောက် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရဲနဲ့မြို့တော်ဝန်ကို ကိုးကားပြောဆိုပါတယ်။ ထောင်ဝါဒါလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ရဲအရာရှိရဲ့ ပြောကြားချက်အရ သေဆုံးသူတွေဟာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေ သူတွေဖြစ်ပြီး အဲဒီထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ် ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကနဦးဖော်ထုတ်ချက်အရ ပေါက်ကွဲမှုတွေမဖြစ်ခင်မှာ သူတို့ကို တခြားထောင်ကို ပြောင်းရွှေ့မယ်လို့ကြားပြီးနောက် ၀ါဒါနဲ့တွေ့ဖို့ကြိုးစားခဲ့ကြကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်ကိုတော့ စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ လွတ်မြောက်ဖို့ကြိုးပမ်းမှုနဲ့ ကွင်းဆက်ရှိမရှိ သိနိုင်ဖို့ စုံစမ်းရေးအဖွဲ့က ဒဏ်ရာရတဲ့ ထောင်ဝါဒါကို မေးမြန်းခွင့်ရဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ မျက်မြင်သက်သေတွေကို ကိုးကားရာမှာ ထောင်တွင်းကနေ သေနတ်သံတွေ ထွက်လာပြီးတဲ့နောက် အနည်းဆုံးပေါက်ကွဲသံ ၃ ချက်ကို ထောင်နားမှာနေကြတဲ့ ဒေသခံတွေက ကြားကြရတယ်လို့ ဆိုပါတယ်။
5 years Ago
Up