ဖိလစ်ပိုင် အာဏာပိုင်တွေက နိုင်ငံအလယ်ပိုင်းမှာ ဒီဇင်ဘာ ၁၄ ရက်နေ့အတွက် ကျောင်းတွေကို ပိတ်ထားပြီး ငါးဖမ်းတာနဲ့ ကုတို့ယာဉ် သယ်ပို့တဲ့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားပါတယ်။
အဆင့် ၃ ရှိတဲ့ တိုင်ဖွန်းမုန်တိုင်းက နိုင်ငံရဲ့ အရှေ့ပိုင်း ပင်လယ်ကမ်းခြေတလျှောက် အင်အားကောင်းလာလို့ မိုးသည်းနေပါတယ်။ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်ချေ ရှိနေတာပါ။
မိုးလေဝသ ဗျူရိုကတော့ ဒေသခံတွေက နိုနာလို့ ခေါ်တဲ့ တိုင်ဖွန်းမုန်တိုင်း Melor ဟာ စာမာကျွန်းရဲ့ အရှေ့ဘက် မိုင် ၁၃၀ အကွာမှာရှိပြီး အဆင့် ၂ မုန်တိုင်းအဖြစ် ညတွင်းချင်းမှာ အားကောင်းလာခဲ့တယ် လေတိုက်နှုန်းက မုန်တိုင်းဗဟိုမှာ တနာရီ ၉၅ မိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။
မုန်တိုင်းဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ညမှာ လူဇုံကျွန်းမကြီးရဲ့ အရှေ့တောင်ဖျားက စော်စိုဂွန် ခရိုင်ကနေ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ အမျိုးသားကပ်ဘေး လျှော့ချရေးနဲ့ စီမံကွပ်ကဲရေးကောင်စီညွှန်မှူး အလက်ဇန်းဒါး ပါးမားက မုန်တိုင်းဒီရေဟာ ၁၃ ပေထိ ရောက်နိုင်ပြီး လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး ပြတ်တောက်နိုင်တယ်၊ ရေလွှမ်းမိုးပြီး မြေပြိုနိုင်တယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
မြို့တော် မနီလာ အပါအဝင် ခရိုင် ၂၀ မှာ အများပြည်သူ မုန်တိုင်း သတိပေးချက် တပ်လှန့်ထားပါတယ်။ မုန်တိုင်းအချင်း ၁၈၅မိုင် အတွင်း လေတိုက်နှုံးပြင်းပြီး မိုးရေချိန် တပေထိ ရွာချနိုင်တယ်လို့ ဆိုပါတယ်။
ဒီမုန်တိုင်းဟာ ၂၀၁၃ က ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဟိုင်ရန်ရဲ့ လမ်းကြောင်းအတိုင်း လာနေတာပါ။ မုန်တိုင်းဟိုင်ရန်ကြောင့် လူအယောက် ၈ ထောင်နီးပါး သေဆုံး ပျောက်ဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြီးစား အလုံး ၂၀ လောက် ဖြတ်သန်း တိုက်ခတ်လေ့ ရှိပါတယ်။
7 years Ago