ဖားဆောင်းမြို့

May 4, 2018

ဖားဆောင်းမြို့နယ်တွင် လျှပ်စစ်မီးမရသေးသည့်ကျေးရွာများကို ဆိုလာမီးကူညီမည်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင်း လျှပ်စစ်မီးမရနိုင်သေးတဲ့ကျေးရွာတွေကို ဆိုလာမီးရရှိအောင်ကူညီထောက်ပံ့ပေးသွားမယ်လို့  ဖွံ့ဖြိုးရေးအတွက် ဌာနေတိုင်းရင်သားတွေ နဲ့တွေ့ဆုံပွဲကသိရတယ်။ ဒီကနေ့ မော်ချီးဒေသ လိုခါးလိုရွာမှာ  ပြည်ထောင်စုအဆင့် အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၀န်ကြီးဌာနတွေနဲ့ ဌာနေတိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေး အတွက် တွေ့ဆုံဆွေးနွေးပွဲမှာ ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောသွားတာလို့ အစည်းဝေးတက်ရောက်သူတဦးက ပြောပါတယ်။ “လျှပ်စစ်မီးလက်လှမ်းမမီတဲ့ကျေးရွာတွေကို ဆိုလာမီးပေးဖို့ အစီအစဉ်ရှိတယ်။ ပြီးတော့ ရေမီးအတွက် လာမယ့်ဘတ်ဂျက်မှာ လုပ်ပေးမယ်လို့ လူထုနဲ့တွေ့ဆုံပွဲမှာ ကတိပေးသွားတယ်။” ဒီကနေ့တွေ့ဆုံပွဲမှာ ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြစေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူနဲ့ ကယားပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးမော်တို့ ရောက်ခဲ့သလို ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးလည်း တက်ရောက်ဆွေးနွေး ခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်တဲ့ ဒေသခံတွေဘက်ကတော့ သွားရေးလာရေး အဆင်ပြေအောင် လမ်းဖောက်လုပ်ပေးဖို့၊ ပညာရေး၊ ကျန်းမာရေးနဲ့ မှတ်ပုံတင်မရှိသေးတဲ့ သူတွေကို လုပ်ဆောင်ပေးဖို့လည်း တင်ပြခဲ့ကြပါတယ်။ “လူထုဘက်ကတင်ပြတာ အဓိက လိုအပ်ချက်တွေပေါ့။ မော်ချီးဒေသက ကွာခီးရွာကို ဆိုင်ကယ်လမ်းဖောက်ပေးဖို့၊ ကျောင်းပညာရေး၊ ကျန်းမာရေး လုပ်ပေးဖို့တောင်းတယ်။ နောက် မှတ်ပုံတင်မရှိတဲ့သူတွေကို မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဝင်အောင် လုပ်ပေးဖို့ လ၀ကက လုပ်ဆောင်ပေးဖို့ တောင်းဆိုကြတယ်။”လို့ အစည်းအဝေးးတက်ရောက်တဲ့ ဒေသခံက ဆိုပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မော်ချီးဒေသက ကျေးရွာကို ကွင်းဆင်း လေ့လာပြီး လူထုရဲ့ အခက်အခဲကို လွှတ်တော်မှာ တင်ပြပေးဖို့လည်း ကျေးရွာဥက္ကဋ္ဌတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဘက်တော့ အခုလာမယ့် လွှတ်တော်နားချိန်မှာ သွားရောက်လေ့လာမယ်လို့ ကတိပေးခဲ့ပါတယ်။ ဖားဆောင်းမြို့နယ်မှာ မော်ချီးဒေသမှာ ကျေးရွာအုပ်စု ၅ စု၊ ကျေးရွာပေါင်း ၆၀ ကျော်ရွာရှိပြီး လျှပ်စစ်မီးမရနိုင်သေးတဲ့ရွာတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
4 years Ago
Up