ဖားသူပုန်တပ်ဖွဲ့ဝင်ဟောင်းများ

November 2, 2020

ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်ရန် ဖားသူပုန်တပ်ဖွဲ့ဝင်ဟောင်းများ ချီတက်တောင်းဆို

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုကိုတာမှာ အလင်းဝင်ပြီးသား ဖားသူပုန် တပ်ဖွဲ့ဝင်ဟောင်းတွေ ရာချီပြီး နိုဝင်ဘာ ၁ ရက်က ချီတက်ကြပါတယ်။ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ လုံခြုံရေး အခြေအနေ ပိုကောင်းလာစေဖို့နဲ့ ဖားသူပုန်တပ်ဖွဲ့ဝင်ဟောင်းတွေကို သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အလံဖြူတွေ၊ ကိုလံဘီယာ အလံတွေကို ဝှေ့ယမ်းရင်း သူပုန်ဟောင်းတွေဟာ ဘိုကိုတာကို ရောက်လာခဲ့ကြတာပါ။ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးအပြီး ဖှားသူပုန် တပ်ဖွဲ့ဝင်ဟောင်းတွေ အသတ်ခံရတာ ၂၃၆ ယောက် ရှိပါပြီ။ ဒါဟာ ကိုလံဘီယာ ပြည်တွင်းစစ် နှစ် ၅၀ ကျော်အတွင်း အဖွဲ့ဝင် ၁၃,၀၀၀ ကျောေရှိတဲ့ ဖှားသူပုန်တပ်ဖွဲ့ ရဲ့ အခန်းကဏ္ဍ အဆုံးသတ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အကြီးစား အကျပ်အတည်းလည်း ဖြစ်နေပါတယ်။ ကုလသမဂ္ဂကလည်း ဒီအခြေအနေကို စိတ်ပူတယ်လို့ ဖော်ပြထားပါတယ်။ နှစ် ၅၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း လူပေါင်း ၂၆၀,၀၀၀ ကျော် သေဆုံးပြီး သန်းချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ သမ္မတ အီဗန်ဒူကေးရဲ့ အစိုးရကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကတိသစ္စာပြုထားပါတယ်။ ဖှားသူပုန်ဟောင်းတွေကို သတ်ဖြတ်မှုအတွက် ၂၀၁၆ သဘောတူညီချက်ကို ပယ်ချတဲ့ ဖှားဂိုဏ်းကွဲတွေနဲ့ မူးယစ်မှောင်ခိုလုပ်ငန်းတွေ တရားမဝင်သတ္တု တူးတာတွေ လုပ်နေတဲ့ တခြား တရားမဝင် လက်နက်ကိုင်အုပ်စုတွေကို အပြစ်တင်ထားပါတယ်။ ဖှားသူပုန် ထိပ်တန်းစစ်ဦးစီးမှူးဟောင်းနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသူ ပတ်စ်တာ အယ်လ်အဲ့ပ်ကတော့ သူပုန်ဟောင်းတွေကို သတ်သူဟာ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေကနေ အကျိုးအမြတ်ရနေတဲ့ သြဇာရှင်တွေလို့ အပြစ်တင်ပါတယ်။ အကြမ်းဖက်မှု သက်ရောက်နေတဲ့ ဒေသတွေမှာ စစ်တပ်တည်ရှိမှု လျှော့ချပြီး လူမှုရေး ရင်းနှီးမြှုပ်နှံမှု ပိုတိုးလုပ်ဖို့ကိုလည်း သူက အစိုးရကို ဆော်သြထားပါတယ်။
1 year Ago
Up