ဖားသူပုန်ခေါင်းဆောင်ဟောင်းအား ဖမ်းဆီး

April 10, 2018

အမေရိကန်၏ မူးယစ်ကုန်ကူးမှု စွဲချက်ကြောင့် ဖားသူပုန်ခေါင်းဆောင်ဟောင်းအား ဖမ်းဆီး

  အမေရိကန်အစိုးရရဲ့ မူးယစ်ကုန်ကူးမှု စွဲချက်ကြောင့် ကိုလံဘီယာ အစိုးရဟာ သူပုန်ခေါင်းဆောင်ဟောင်းကို ဖမ်းဆီးလိုက်ပါတယ်။ ကိုလံဘီယာ အစိုးရဟာ မကြာခင် အောက်လွှတ်တော်အမတ်ဖြစ်လာမယ့် မာ့က်စ်ဝါဒီ ဖားသူပုန်ဟောင်း ဆူဇီဟာနန်ဒက်ဇ်ကို မူးယစ်ကုန်ကူးမှု စွဲချက်တွေနဲ့ ဧပြီ ၉ ရက်နေ့က ဖမ်းလိုက်ပါတယ်။ ဒါကြောင့် မနှစ်ကမှ အဖွဲ့ဖျက်သိမ်းထားတဲ့ သူပုန်အုပ်စုဟောင်းက ဒေါသထွက်ခဲ့ပါတယ်။ ဇူလိုင်လကမှ ရာထူးရခဲ့တဲ့ ဆူဇီ ဟာနန်ဒက်ဇ်ဟာ အမေရိကန်ဒေါ်လာ သန်း ၃၂၀ တန်ဖိုးရှိတဲ့ ကိုကင်း ၁၀ တန်ကို အမေရိကန်နိုင်ငံဆီ တင်ပို့ဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန် အစိုးရ ရှေ့နေချုပ် နက်စ်တာဟမ်ဘာတိုမာတီးနက်ဇ်က ကိုလံဘီယာသမ္မတ ဟွမ်မန်နျူယယ် စန်တို့စ်နဲ့အတူ ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်ခရိုင် တောင်ပိုင်းက တရားသူကြီးတွေက ဟာနန်ဒက်ဇ်နဲ့ တခြား ၃ ယောက်ကို အရင်အပတ်က စွဲချက်တင်ခဲ့တာလို့ မာတီးနက်ဇ်က ပြောပါတယ်။ ရာဇဝတ်သားကို လွှဲပေးရေး အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရားဝင် စီစဉ်နေချိန်မှာ ဟာနန်ဒက်ဇ်ကို ဆက်ထိန်းသိမ်းထားမယ်လို့လည်း သူက ပြောပါတယ်။ ကိုလံဘီယာ တရားရေးဌာနကတော့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။ ဖားသူပုန်ဟောင်းတွေ တည်ထောင်ထားတဲ့ ဖားပါတီကတော့ ဒီဖမ်းဆီးမှုဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုက်ခိုက်တာလို့ ပြောပါတယ်။ ဖားပါတီဟာ ၂၀၂၆ ခုနှစ်ထိ အောက်လွှတ်တော် အမတ်နေရာ ဆယ်နေရာရဖို့ အာမခံ ရထားတာပါ။ ပါတီက ဟာနန်ဒက်ဇ်ကို အမတ်တနေရာအဖြစ် ပေးထားတာ ဖြစ်ပါတယ်။ ခုတော့ သူ့နေရာကို ပါတီက အစားထိုးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဖားသူပုန်ဟောင်းတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အထူးတရားရုံးက စစ်ဆေး ဆုံးဖြတ်မှာဖြစ်ပြီး အဖွဲ့ဖျက်သိမ်းပြီးချိန်မှာ ကျူးလွန်သူတွေကိုတော့ ပုံမှန် တရားစီရင်ရေးလမ်းအတိုင်း စစ်ဆေးစီရင်မှာ ဖြစ်ပါတယ်။ သူပုန်အဖွဲ့ ဖျက်သိမ်းပြီးချိန်မှာ အာဏာပိုင်တွေက လုပ်ကြံတရားစီရင်မှာကို စိုးရိမ်ကြောင်း ဖားတွေက ထပ်ခါတလဲ ပြောခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးချိန်ကနေ ခုထိ ဖားပါတီဝင်နဲ့ ဆွေမျိုးတွေ အယောက် ၅၀ ကျော် အသတ်ခံရပြီးပြီလို့လည်း သူတို့က ပြောခဲ့ပါတယ်။
3 years Ago
Up