ဖားကန့်ဒေသတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

May 9, 2016

ဖားကန့်ဒေသတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ မေလ ၈ ရက်နေ့ မနက်ကစပြီး ညပိုင်းအထိ  ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်း ထုတ်ပြန်ပါတယ်။ မေ ၈ ရက် မနက် ၇ နာရီခန့်မှာ ဆိုင်းတောင်စခန်းအနီး လက်လုပ်မိုင်းတလုံး ပေါက်ကွဲလို့ အမျိုးသမီးတဦး ပေါင်ရင်းမှာ ဗုံးစထိမှန်ခဲ့ပြီး မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအတွင်း ဆိုင်းတောင် မှော်ရှန်ရပ်ကွက်မှာ ဗုံးလေးလုံး ဆက်လက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ညနေ ၄ နာရီလောက်မှာလည်း ဖားကန့်မြို့နဲ့ မရှီကထောင်ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ ဥရုရတနာတံတားအနီးရှိ လုံခြုံရေး ရဲကင်းအနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့လို့ လူထိခိုက်မှု မရှိပေမယ့် ရပ်ထားတဲ့ မီးသတ်ကား မှန်ကွဲသွားခဲ့သလို လုံးခင်းကျေးရွာ ကျောက်ဝိုင်းအနီးမှာလည်း  ည ၇ နာရီခန့်က ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ အခုလို ဗုံးပေါက်ကွဲတာတွေနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာ ရပ်မိရပ်ဖ ဦးရွှေသိန်းက “အဲဒီပေါက်ကွဲမှုတွေက ရွာလယ်ခေါင်မှာရှိတဲ့ စစ်တပ်စခန်းနား ပေါက်သွားတာ၊ ခြံစည်းရိုးနဲ့ကပ်ရက်၊ မနက်ပိုင်းက ပေါက်ကွဲနေရာနဲ့ နေ့ခင်း ၂ နာရီလောက်က ပေါက်ကွဲတဲ့နေရာနဲ့ သိပ်မဝေးဘူး၊ တကြောတည်းပဲ၊ ရွာလယ်မှာဖြစ်တော့ ကျနော်တို့က စိုးရိမ်စိတ်တော့ ရှိတာပေါ့။ အရင်တပတ်က ကံဆီးဘက်၊ အောင်ဘာလေဘက်မှာ တိုက်ပွဲဖြစ်တယ်၊ အဲဒါတွေ ဆက်စပ်မှုရှိမလားဆိုပြီး စိုးရိမ်တာပေါ့” လို့ ပြောပါတယ်။ ဖားကန့်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ညနေ ၆ နာရီခန့်မှာ  ဖားကန့်နဲ့  ဆိုင်းတောင်သွား လမ်းမကြီးကို ပိတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
6 years Ago
Up