ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျ၍ လူ ၂၀ ကျော် သေဆုံးနိုင်

July 24, 2018

ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျ၍ လူ ၂၀ ကျော် သေဆုံးနိုင်

ကချင်ပြည်ယန်၊ ဖားကန့်မြို့နယ်မှာ ဇူလိုင် ၂၄ ရက်မနက်က မြေစာပုံပြိုကျပြီး လူ ၂၀ ကျော် သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆိပ်မူကျေးရွာအုပ်စု၊ ဧရာရတနာကျင်း လုပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက ပြိုကျခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ မြေပိမိ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးမလုပ်နိုင်သေးပါဘူး။ အဲဒီနေရာကို ရောက်ရှိနေတဲ့ ဆိပ်မူအုပ်စု အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက “မျက်မြင်တွေ ပြောတာကတော့ လူ ၂၀ ကျော်၊ ၂၅ လောက် ပါသွားနိုင်တယ်။ လောလောဆယ်တော့ ၁၈ ယောက် စာရင်းရထားပါပြီ။ လတ်တလောမှာ ရှာဖွေရေး လုပ်ဖို့တော့ မလွယ်သေးပါဘူး” လို့ ပြောပါတယ်။ ဒီနေရာဟာ ပြီးခဲ့တဲ့ ပွင့်လင်းရာသီမှာပဲ ၂ ကြိမ်ပြိုကျခဲ့သေးတယ်လို့ သူက ပြောပါတယ်။ “မိုးတွေကလည်း ရွာနေတော့ နောက်ထပ် ပြိုနိုင်တဲ့ အနေအထားရှိတယ်။ အနောက်ဘက်နံရံက ပေ ၁၀၀၀ ကျော်လောက်မြင့်တာလေ။ မနက် ၅ နာရီလောက်က ပြိုတယ်။ အခုတော့ ပါသွားတဲ့သူတွေ စာရင်း ကောက်နေတုန်းပဲ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကလည်း ဖားကန့်၊ ဆန်ခါရွာနားမှာ မြေစာပြိုကျပြီး နုန်းတွေထဲမှာ နစ်လို့ ရေမဆေးရှာဖွေသူအယောက် ၂၀ သေဆုံးပြီး ၆ ယောက် ပျောက်ဆုံးခဲ့ပါတယ်။ ဖားကန့်ကျောက်စိမ်းဒေသမှာ ၂၀၁၈ ခုနှစ်အတွင်း မြေပြိုတာနဲ့ ကမ်းပါးပြိုတာ ၁၁ ကြိမ်ဖြစ်ခဲ့ပြီး လူ ၇၈ ယောက်သေဆုံး၊ ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဓာတ်ပုံ - ဦးရွှေသိန်း၊ မိုးမိုး    
5 years Ago
Up