ဖားကန့်တွင် မြေစာပုံပြိုကျ၊ ၁ ဦး သေဆုံး

September 23, 2018

ဖားကန့်တွင် မြေစာပုံပြိုကျ၍ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်က ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ် ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းမှာ တူးခေါင် (၃၁) နှစ်နဲ့ အိုက်စံ (၃၆) နှစ်တို့ ၂ ဦး ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာတွေ ပြိုကျပိမိပြီး သေဆုံးဒဏ်ရာရခဲ့တာပါ။ တူးခေါင်ဟာ မြေစာပိဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး အိုက်စံကတော့ ဝဲဒူးအဆစ်လွဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago

May 21, 2018

ဖားကန့်တွင် မြေစာပုံပြိုကျ၍ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ

  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးရှိ ရတနာကြယ် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်မှာ မေ ၂၀ ရက် ညနေ ၆ နာရီလောက်  မြေစာပုံပြိုကျတဲ့ အတွက် ၁ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်က ပြောပါတယ်။ “ရတနာကြယ် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်ပေ ၁၀၀ အကျယ် ၅၀ ပေလောက်ရှိတဲ့ ကမ်းပါးမြေစာတွေ ရုတ်တရက်ပြိုကျတဲ့အတွက် ရေမဆေး ကျောက်ရှာဖွေသူ ဦးအောင်ဌေး မြေစာတွေနဲ့ရေတွေ ရောနေတဲ့ အိုင်ထဲ ပါးစပ်နဲ့ နှာခေါင်းမှာ သဲတွေ နစ်မြုပ်သေဆုံးနေပြီး ကျန်တဲ့ ၆ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တာ”လို့ ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်က ပြောပါတယ်။ မြေစာပုံပြိုကျရာနေရာကို မီးသတ် တပ်ဖွဲ့ဝင် ၅ ဦး၊ အရန် မီးသတ် ၁၀ ဦးနဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဝှေခါလူမှုကူညီရေးအသင်း ကားနဲ့ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ဖားကန့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းကပြောပါတယ်။ မြေစာပုံပြိုကျလို့သေဆုံးခဲ့တဲ့ ဦးအောင်ဌေးကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် သိရှိနိုင်ဖို့ ဖားကန့်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃၃/၂၀၁၈ အမှုဖွင့် ဆောင်ရွက်နေပါတယ်။ ကိုကိုလင်း(အင်းတော်)
4 years Ago
More News
Up