ဖားကန့်သပိတ်စစ်ကြောင်း

March 3, 2021

ဖားကန့်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ဒဏ်ရာရသူ ၂ ဦး အခြေအနေစိုးရိမ်ရ

ကချင်ပြည်နယ်  ဖားကန့်မြို့ ရဲစခန်းရှေ့မှာ အေးမြသာယာရပ်ကွက်ဘက်က လာတဲ့ သပိတ်စစ်ကြောင်းကို ဒီနေ့မနက် ဆယ်နာရီခွဲလောက်က ရဲတပ်ဖွဲ့က  အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြလူငယ် ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်လာတဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို မျက်ရည်ယိုဗုံး အမြောက်အမြားနဲ့လည်း ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ်။

လူမှုကူညီရေး အသင်းတာဝန်ရှိသူတဦးက “ဒဏ်ရာရသူတွေဟာ တခုခုပေါက်ကွဲစမှန်ထားတဲ့ပုံစံပဲ။ ညာဘက်လက်ဖျံက ဖွာသွားတယ်၊ ရင်ဘတ်ကိုလည်း ထိထားတယ်။ နောက်တယောက်က လည်ပင်းထိသွားတယ်။ ခုမြစ်ကြီးနားကို ပို့ဖို့ စီစဉ်နေပါတယ်" လို့ ပြောပါတယ်။

မွန်းတည့် ၁၂ နာရီအထိ ဆက်လက် ဆန္ဒပြနေကြသလို တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အချို့ကလည်း ဖားကန့်ရဲစခန်းရှေ့မှာ တားဆီးထားနေဆဲဖြစ်ပါတယ်။ 

မွန်းတည် ၁၂ နာရီကျော်လောက်မှာလည်း မော်ဝမ်းရပ်ကွက်ဘက်က သပိတ်စစ်ကြောင်းကို သေနတ်၊ မျက်ရည်ယိုဗုံးတွေ ပစ်ခတ် လူစုခွဲခဲ့ပြီး ဆန္ဒပြ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကို ရဲက ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

ဖားကန့်မြို့မှာ ဆန္ဒပြည်သူတွေကို မတ် ၂ ရက်နေ့ကတည်းက စတင်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။ 

ဖားကန့်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို နေ့စဉ် လုပ်ဆောင်နေတာပါ။

ဇော်မိုးထက် (ဖားကန့်)

2 years Ago
Up