ဖလောရီဒါ

June 28, 2021

ဖလောရီဒါကွန်ဒိုပြိုကျမှု သေဆုံးသူ ၉ ဦးထိရှိလာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့နားက အထပ်မြင့်ကွန်ဒိုမီနီယံ တစ်လုံး ပြိုကျလို့ သေဆုံးသူဦးရေဟာ ဇွန် ၂၇ ရက်ထိ အတည်ပြုချက်အရ ၉ယောက် ရှိသွားပါပြီ။

အယောက် ၁၅၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကို ၄ ရက်မြောက် ဖယ်ရှားရှာဖွေနေပေမဲ့ အသက်ရှင်ကျန်ရစ်သူ တယောက်မှ မတွေ့ကြသေးပါဘူး။ 

ကြာသပတေးနေ့က ၁၂ ထပ် အဆောက်အအုံဟာ နေထိုင်သူတွေ အိပ်ပျော်နေချိန်မှာ ပြိုကျခဲ့တာဖြစ်ပြီး သက်တမ်း နှစ် ၄၀ ရှိပြီဖြစ်တဲ့ အဆောက်အအုံဟာ ဘာကြောင့် ပြိုကျတယ်ဆိုတာ မသိရသေးပါဘူး။

 ဒါပေမဲ့ အဆောက်အအုံရဲ့ မြေအောက်ယာဉ်ရပ်နားစခန်းမှာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အကြီးစား ယိုယွင်းပျက်စီးမှုကို တွေ့ထားကြောင်း အင်ဂျင်နီယာတွေက ၂၀၁၈ မှာ စစ်ဆေးတွေ့ရှိပြီး အစီရင်ခံစာ တင်ထားပါတယ်။

 ဒီအဆောက်အအုံကို ပြင်ဆင်ဖို့ အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ သန်း ကုန်ကျမယ်လို့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

အမိုးတွေဖယ်ဖို့ လုပ်ငန်းစချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီမံကိန်းက နှေးကွေးနေခဲ့တာလို့ အရာရှိက ပြောပါတယ်။

 ဂြိုဟ်တုမြေပုံတွေအရ အဆောက်အအုံဟာ တစ်နှစ်ကို ၃ မီလီမီတာအထိ မြေထဲ နစ်ဝင်နေပြီး ပတ်ဝန်းကျင်က အဆောက်အအုံတွေကတော့ ပုံမှန်တည်ငြိမ်နေခဲ့တယ်လို့ ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်ပါမောက္ခက ပြောခဲ့ပါတယ်။

 ဒီဖြစ်ရပ်ကြောင့် မိုင်ယာမီ ဒါဒီမြို့နယ်အတွင်း သက်တမ်း အနှစ် ၄၀ အထက် အဆောက်အအုံ အားလုံးကို လာမယ့်ရက် ၃၀ အတွင်း ဘေးကင်းမှု ရှိ၊မရှိ စစ်ဆေးမယ်လို့ အရာရှိတွေက စနေနေ့မှာ ပြောပါတယ်။

7 months Ago
Up