နောက်တနှစ်အတွင်း ဆုဖလားတလုံးကိုတောင် ဆွတ်ခူးနိုင်ခြင်း မရှိဘူးဆိုရင် ဟယ်ရီကိန်းအနေနဲ့ စပါးအသင်းကနေ ထွက်ခွာသင့်ပြီလို့ ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမားကြီး အလန်ရှီးယားက ပြောဆိုလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ် စပါးအသင်း အကယ်ဒမီကို ရောက်ရှိခဲ့ပြီး အဲဒီကနေတဆင့် အသင်းရဲ့ခြေစွမ်းအပြဆုံး ကစားသမားအဖြစ် ပြောင်းလဲလာခဲ့ပေမယ့် အသင်းကို ဆုဖလား ဆွတ်ခူးနိုင်တဲ့အထိ ဦးဆောင်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
ကိန်းဟာ နောက်ရာသီမှာ ယူနိုက်တက်အသင်းကို ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသူပါ။
စပါးအသင်းဟာ မော်ရင်ဟိုလက်ထက်မှာ တိုးတက်မှုအရိပ်အယောင်တွေ ရှိလာခြင်းက ကိန်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး စပါအသင်းအနေနဲ့ ဆုဖလားတွေကို မဆွတ်ခူးနိုင်ဘူး ဆိုရင်တော့ အင်္ဂလန်လက်ရွေးစင်ဟာ အသင်းကနေ ထွက်ခွာသင့်တယ်လို့ ရှီးယား ကထောက်ခံပါတယ်။
“ကျနော့်အမြင်အရဆိုရင်တော့ နောက် ၁၂ နှစ်အတွင်း ဆုဖလားနဲ့ပတ်သက်ပြီး ထူးခြားမှုမရှိရင် သူ အသင်းကနေ ထွက်ခွာသင့်ပါပြီ။ သူ စပါးအသင်းမှာ နောက်တနှစ် ဆက်ရှိနေပြီး ဆုဖလားတွေမရဘူး ဆိုရင်တော့ သူ ထွက်ခွာတော့မှာပါ” လို့ ရှီးယားက ပြောပါတယ်။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၃၆ ဂိုးအထိ ရှိနေပြီဖြစ်တဲ့ ကိန်းဟာ လိဂ်ရဲ့ ထာဝရဂိုးသွင်း အများဆုံးကစားသမား ၁၀ ယောက်စာရင်းထဲကို ရောက်ရှိဖို့ နီးကပ်လာခဲ့ပါပြီ။ ရှီးယားဟာ သွင်းဂိုး ၂၆၀ နဲ့ ဒီစာရင်းကို ဦးဆောင်နေသူဖြစ်ကာ တကယ်လို့ ကိန်းအနေနဲ့ မှန်ကန်တဲ့ အသင်းတခုမှာသာ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ကိန်းဟာ နောင်တချိန်မှာ သူ့စံချိန်ကိုတောင် ချိုးဖျက်သွားနိုင်ဖွယ်ရှိတယ်လို့လည်း ရှီးယားက ပြောပါတယ်။
လက်ရှိအချိန်မှာ ကိန်းဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်ကတော့ စပါးနည်းပြ မော်ရင်ဟိုက ကိန်းကို ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့်ပြုမှာမဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။
“ခြေစွမ်းပြနေတဲ့ ကိန်းကို ယူနိုက်တက်အသင်းမှာ မလိုချင်တဲ့သူ မရှိလောက်ပါဘူး။ သူဟာ တကယ့်ကို ထိပ်တန်းတိုက်စစ်မှူးပါ။ ဒါပေမဲ့ စပါးအသင်းကတော့ ဟယ်ရီကိန်းကို ရောင်းထုတ်သွားမယ်လို့ မထင်ပါဘူး။ နောက်ပြီး မော်ရင်ဟိုကလည်း ကိန်းကို ယူနိုက်တက်အသင်းထံ ပြောင်းခွင့်ပြုမယ်လို့ မထင်ပါဘူး” လို့ သူ့ရဲ့အင်စတာဂရမ်မှာ ပြောခဲ့ပါတယ်။
11 months Ago