ဖရဲသီးသပိတ်

April 11, 2021

ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင်အစိမ်းရောင်ကမ်ပိန်းနှင့် ဖရဲသီးသပိတ်ပြုလုပ်

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းမြို့တွေမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းပါ တရုတ်နိုင်ငံကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ဒီကနေ့ ဧပြီ ၁၁ ရက်က ဖရဲသီးသပိတ်နဲ့ အစိမ်းရောင်သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီနေ့ ရန်ကုန် ၊ သင်္ဃန်းကျွန်းမြို့နယ်မှာ လူငယ်တွေက မြန်မာ့ ဖရဲသီးကို စျေးနှိမ်တာ လက်မခံကြောင်း၊ တရုတ်သစ်သီးတွေ မစားဖို့နဲ့ တရုတ်ထုတ်ကုန်တွေကိုဆန့်ကျင်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ကို ကူညီနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ ဖရဲသီးသပိတ်ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်း မရမ်းကုန်း၊ သာကေတ၊ ဒဂုံမြို့သစ်နဲ့ လှိုင်သာယာမြို့နယ်အပါဝင် မြို့နယ်အသီးသီးမှာ လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး Green Day Strike Campaign ကိုလုပ်ဆောင်ခဲ့ကြပါတယ်။
မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ မကွေးစတဲ့မြို့မြို့တွေကနေ မြန်မာပြည်အောက်ပိုင်း ဘုရားသုံးဆူအထိ လူငယ်တွေက Green day Strike ကိုပုံစံမျိုးစုံနဲ့ ပါဝင်ဆင်နွှဲနေကြပါတယ်။
ဒီလှုပ်ရှားမှုဟာ အာဏာရှင်ရွက်ဟောင်းကြွေပြီ ပြည်သူတွေရွက်သစ်ဝေစေဖို့ ရည်ရွယ် ပြုလုပ်ခဲ့ကြတာလို့လည်းသိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို အကြမ်းဖက်ရယူပြီးနောက် GZ လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး နည်းမျိုးစုံနဲ့ နေ့စဉ် ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

Photo … Credit

1 month Ago
Up