ဖရဲစိုက်တောင်သူများ

April 24, 2020

မြန်အောင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖရဲစိုက်တောင်သူများ အရှုံးပေါ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကွင်းကြီးထောင့်အုပ်စုထဲက ဖရဲစိုက်တောင်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဂယက်ကြောင့်ဖြစ်တဲ့  နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတာကြောင့် အရှုံးပေါ်နေပါတယ်။ ဖရဲသီးတွေကို မြန်အောင်မြို့ကနေ မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ လမ်းတွေ ပိတ်သွားတာကြောင့် အခုလို အရှုံးပေါ်ရတာဖြစ်တယ်လို့ ဖရဲစိုက်တောင်သူ ဦးတင်ရွှေက ပြောပါတယ်။ အခုဆို ဖရဲသီးမတင်ပို့ရတော့တာကြောင့် ဖရဲခင်းတွေထဲက ဖရဲသီးတွေကိုမခူးတော့ဘဲ ဒီအတိုင်း စွန့်ပစ်ထားရတယ်လို့ ဆိုပါတယ်။ ကွင်းကြီးထောင့်အုပ်စုက  ၂၀၂၀ နွေစပါးစိုက်တဲ့ရာသီမှာ နွေစပါးအစား ဖရဲကိုစိုက်ခဲ့တာဖြစ်ပြီး ဖရဲသီး တစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၁၅ သိန်းလောက် ကုန်ကျပါတယ်။ ဒီနှစ်မှာတော့ ကွင်းကြီးထောင့်ကျေးရွာအုပ်စုထဲက ဧက ၁၀၀ ကျော်မှာ ဖရဲ  စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။
1 year Ago

February 19, 2020

ဧရာဝတီတိုင်းက ဖရဲစိုက်တောင်သူများအရှုံးပေါ်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်၊ သာပေါင်း၊ ကျောင်းကုန်းနဲ့ အခြားမြို့နယ်တွေက ဖရဲသီးစိုက်ပျိုးတဲ့တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ တရုတ်ပြည်ရဲ့ ဖရဲသီးစျေးကွက်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ဖရဲသီးစျေးနှုန်းက မြင့်တက်ခဲ့ပြီး ဝူဟန်မြို့မှာကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်ကစတင်လို့ ဖရဲဒိုင်တွေက စရံကြိုပေး ထားတာတွေပါ အဆုံးခံပြီး မဝယ်တော့တာကြောင့် အဆိုးရွာဆုံးအခြေအနေတွေနဲ့ ရင်ဆိုင် နေရတယ်လို့ အသုတ်မြို့က ဖရဲစိုက်တောင်သူ ဦးစိန်ဝင်းက ပြောပါတယ်။ "ကျနော် ဖရဲ ၅ ဧက စိုက်တာ သိန်း ၁၀၀ ကျော်ကုန်ပါတယ်၊ အရင်စျေးနဲ့ဆို ၁၇ တန် ကား တစ်စီးကို ကားခ သိန်း ၂၀ နုတ်ပြီးရင် သိန်း ၅၀ လောက်ကျန်တယ်၊ ခုစျေးနဲ့ဆို ကားတစ်စီးကို ၁၀ သိန်းကျော်ပဲကျန်တယ်၊ ကားခပါရှုံးနေတာ ပြည်တွင်းစျေးကွက်ကလည်းမရှိ၊ တချို့ဆို စရံ ကြိုပေးထားတာတွေပါအဆုံးခံလိုက်တာတွေရှိတယ်၊ ဒီနှစ်အဆိုးဝါးဆုံး အရှုံးနဲ့ ကြုံတွေ့နေ ရတာ" အရင်နှစ်က ဖရဲစိုက်တောင်သူနည်းပါပြီး အခုနှစ် အခြားဒေသတွေက လာရောက်စိုက်ပျိုး သူပိုမိုလာပြီး မြေ ၁ ဧက ကို ၁ သိန်းကျပ်နှုန်းနဲ့ မြေငှားရမ်းစိုက်ပျိုးရပြီး ခုလို စျေးကွက်ကျဆင်း ချိန်မှာ လုံးဝအရှုံးနဲ့ ရင်ဆိုင်ရတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။ ဒေသခံ ဖရဲစိုက် တောင်သူ တဦးက “အားလုံးက တရုတ်စျေးကွက်ကို မှီခိုစိုက်ပျိုးနေကြရတာ။ ခုလို တရုတ်ပြည်စျေးကွက်က လုံးဝ ကျဆင်းသွားတာနဲ့ ဖရဲခူးချိန်နဲ့ သွားတိုက်နေတော့ ဘာမှကိုလုပ်လို့မရတော့တာ။ ခုဆို လုပ်အားခ ကားခမကိုက်တော့ အားလုံးအရှုံးနဲ့ ရင်ဆိုင်ရတော့တာပေါ့” လို့ ပြောပါတယ်။ ဧရာဝတီတိုင်းက ရေကြည်၊ သာပေါင်း၊ ကျောင်းကုန်းနဲ့ အခြားမြို့နယ်တွေက ဖရဲစိုက်ပျိုးတဲ့ တောင်သူတွေဟာ မနှစ်ကထက် နှစ်ဆ ပိုမိုများပြားလာပြီး တရုတ်ပြည် စျေးကွက်ကျဆင်း သွားတာကြောင့် ဖရဲစိုက်တောင်သူအများစု အရှုံးတွေနဲ့ကြုံတွေနေရတာပါ။ တရုတ်နိုင်ငံကို မြန်မာကုန်ပစ္စည်တွေ အဓိကတင်ပို့နေတဲ့ လမ်းကြောင်းဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးကို တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်တက်လာပြီးနောက်ပိုင်း ဇန်နဝါရီ ၂၂ ရက်က စတင်ပိတ်ထားခဲ့တာပါ။ သတင်း- မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up