ဖရန့်လမ်းပတ် ပြော

February 3, 2017

ကစားသမားဘ၀မှ အနားယူပြီဟု ဖရန့်လမ်းပတ် ပြော

အင်္ဂလန်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဟာ ကစားသမားဘ၀က အနားယူလိုက်ပြီ ဖြစ်တာကြောင့် ဖေဖော်ဝါရီ ၂ ရက်က တရားဝင်ပြောကြား လိုက်ပါတယ်။ အသက် ၃၈ နှစ်ရှိ ကွင်းလယ်ကစားသမား လမ်းပတ်ဟာ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဒ်ဘူးအသင်းမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ကစားသမားဘ၀ကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စိတ်လူပ်ရှားစရာ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် လက်ရှိအချိန်ဟာ အနားယူဖို့ အကောင်းဆုံးအချိန် ဖြစ်တာကြောင့် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ လမ်းပတ်က ပြောပါတယ်။ လမ်းပတ်အနေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြသင်တန်းတွေ တက်ရောက်သွားမှာ ဖြစ်ပြီး ကစားသမားဘ၀က အနားယူလိုက်ပေမယ့်  နည်းပြဘ၀အဖြစ် ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ၀က်စ်ဟမ်အသင်းမှာ လူငယ်ကစားသမားဘ၀ စတင်ခဲ့တဲ့ ဖရန့်လမ်းပတ်ဟာ ၂၀၀၁ ခုနှစ်မှာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၄ ခုနှစ်အထိ ၆၄၈ ပွဲ ကစားပြီး ၂၁၁ ဂိုး သွင်းယူခဲ့ပါတယ်။ ၂၀၁၄ မှာ မန်စီးတီးအသင်းမှာ တရာသီ ကစားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ နယူးယောက် ရက်ဒ်ဘူးအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလား ၁၃ လုံးရရှိခဲ့ပြီး ချဲလ်ဆီးအသင်း သမိုင်းတလျှောက် ဂိုးအများဆုံးကစားသမားအဖြစ် သွင်းဂိုး ၂၁၁ ဂိုးနဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက်လည်း စုစုပေါင်း ၁၀၆ ပွဲ ကစားထားပြီး ၂၉ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။
4 years Ago
Up