ဖရန့်ဖတ်အသင်း

September 23, 2020

ဖရန့်ဖတ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုရန်  လူကာဂျိုဗစ် တောင်းဆို

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်ဟာ အသင်းဟောင်း ဖရန့်ဖတ်အသင်းကို အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ဆားဘီးယားတိုက်စစ်မှူးဟာ လွန်ခဲ့တဲ့တစ်နှစ်ကမှ ဖရန့်ဖတ်ကနေ ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက လာလီဂါပွဲစဉ် ၄ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ရတဲ့ ဂျိုဗစ်ဟာ လာလီဂါသွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ ဇီဒန်းဟာလည်း ဂျိုဗစ်ကို ပြန်လည်ရောင်းချဖို့ အသင်းဘုတ်အဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။ ဆိုစီဒက်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ဂျိုဗစ်က အရန်ခုံမှာ ရှိနေပေမယ့် လူငယ်ကစားသမားတွေကိုပဲ နည်းပြ ဇီဒန်းက လူစားလဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဇီဒန်းကတော့ ဂျိုဗစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတစုံတရာ မရှိကြောင်းနဲ့  အသင်း လူစာရင်းမှာ ကစားသမားတွေများတဲ့အတွက် ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ရတာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ လူကာဂျိုဗစ်ဟာ ရီးရဲလ်အသင်းဆီ မပြောင်းခင် ဖရန့်ဖတ်မှာတုန်းက တစ်ရာသီအတွင်းမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
9 months Ago

November 4, 2019

နည်းပြ ကိုဗက် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲ

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြဖြစ်သူ နီကိုကိုဗက်နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့က ဖရန့်ဖတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ပွဲစဉ်အပြီးမှာ ဘိုင်ယန်အသင်းဘက်က လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။  ဘိုင်ယန်မြူးနစ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်ဘက်သဘောတူညီချက်ယူပြီး အခုလို လုပ်တာလို့ ဆိုပါတယ်။  အသင်းရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စွမ်းဆောင်မှုတွေနဲ့ ရလဒ်တွေက ကျေနပ်စရာ မကောင်းဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  အသက် ၄၈ နှစ်အရွယ် ခရိုအေရှားနည်းပြ ကိုဗက်ဟာ ဘိုင်ယန်မြူးနစ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ စတင်တာဝန်ယူခဲ့တာပါ။   သူကိုင်တွယ်တဲ့ ပွဲစဉ်ပေါင်း ၆၅ ပွဲမှာ ၄၅ ပွဲ အနိုင်ရခဲ့ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ ရှုံးပွဲကတော့ ၁၀ နှစ်အတွင်းမှာ အသင်းအတွက် အကြီးမားဆုံး ဂိုးပြတ်နဲ့ ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို လျော့ကျသွားပါတယ်။ 
2 years Ago
Up