ဖရက်ဒ်

February 26, 2019

ကွင်းလယ်လူ ဖရက်ဒ်ကို အသုံးမပြုသည့်အပေါ် မန်ယူနည်းပြ ဆိုးလ်ရှား ဝေဖန်ခံရ

မန်ယူနည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်ကစားသမား ဖရက်ဒ်ကို အသုံးမပြုတဲ့အပေါ် ပရိသတ်တွေ နားမလည်နိုင်အောင် ဖြစ်နေကြပါတယ်။ ဖရက်ဒ်ဟာ လီဗာပူးနဲ့ပွဲစဉ်မှာ ကွင်းလယ်ကစားသမား မာတစ် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့အချိန်မှာ ပွဲထွက်ကစားခွင့် မရခဲ့သလို ဟာရဲယား ဒဏ်ရာရသွားချိန်မှာလည်း လူစားဝင်ကစားခွင့် မရခဲ့တာဖြစ်ပါတယ်။ ဖရက်ဒ်ကို ပွဲကစားခွင့်မပေးတဲ့အပေါ် မန်ယူပရိသတ်တွေက တွစ်တာကနေတဆင့် နည်းပြဆိုးလ်ရှားကို ဝေဖန်ခဲ့ကြပါတယ်။ ပရိသတ်တဦးက မန်ယူအသင်းမှာ ဖရက်ဒ် ပွဲကစားခွင့်မရတာ ဘာကြောင့်လဲဆိုတာ မသိပါဘူး။ ဟာရဲယား ဒဏ်ရာရသွားတဲ့အချိန်မှာ ဖရက်ဒ်ကို လူစားလဲရမှာက ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တခုပါလို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ တခြားပရိသတ်တဦးကလည်း မာတာရဲ့နေရာမှာ ဖရက်ဒ်နဲ့ ဆန်းချက်ဇ် တယောက်ယောက်ကို ထည့်သင့်ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှုမပြည့်တဲ့ လင်ဂတ်ကိုထည့်တာ ဘာကြောင့်လဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
2 years Ago

October 15, 2018

ငယ်စဉ်က အာဆင်နယ်ကစားသမားများကို အားကျခဲ့ဟု မန်ယူကွင်းလယ်လူ ဖရက်ဒ် ပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖရက်ဒ်ဟာ သူ့ရဲ့ ငယ်ဘဝ အားကျရတဲ့ ကစားသမားတွေဟာ အာဆင်နယ်ကစားသမားတွေဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂီလ်ဘာတိုဆေးလ်ဗားနဲ့ သီယာရီအွန်နရီတို့ဟာ သူအားကျရတဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖရက်ဒ်ဟာ ရှက်တာဒိုးနက်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့လာပြီး ၇ ပွဲကစား ၁ ဂိုး သွင်းယူထားပါတယ်။ ဖရက်ဒ်ဟာ ကလပ်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပြီး အင်္ဂလန်ပရီးမီးယားလိဂ်ကို မလွတ်တမ်း ကြည့်လေ့ရှိပြီး ဂီလ်ဘာတိုဆေးလ်ဗား၊ အွန်နရီ၊ ရိုင်ယန်ဂစ်နဲ့ ပေါလ်စခိုးတို့ဟာ သူအားကျရတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖရက်ဒ်ဟာ ယူကရိန်းကလပ်မှာ ကစားခဲ့တာကြောင့် ရုရှားလို ကျွမ်းကျင်ပေမယ့် အင်္ဂလိပ်ဘာသာစကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပေါ့ဂ်ဘာ၊ အန်ဒရီရာ့စ်နဲ့ အဲရစ်ဘိုင်လီတို့ဟာ အကောင်းဆုံးနဲ့ အနီးစပ်ဆုံး ကစားသမားတွေဖြစ်သလို နေ့တိုင်းနီးပါး ညစာတူတူစားသလို ဗွီဒီယိုဂိမ်းတွေလည်း ကစားဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago
More News
Up