ဖယ်လ်ကာအို

December 31, 2020

ဖယ်လ်ကာအို၏ ဂိုးသွင်းစံချိန်ကို ဆွာရတ် လိုက်မှီ

အက်သလက်တီကို တိုက်စစ်မှူး လူးဝစ္စဆွာရတ်ဟာ ဖယ်လ်ကာအိုရဲ့ အက်သလက်တီကို ကစားသမားဘဝအစပိုင်း ဂိုးသွင်းစံချိန်ကို လိုက်မှီသွားခဲ့ပြီဖြစ်ပါတယ်။  မနေ့ညက ကန်သွားတဲ့ ဂီတာဖေးနဲ့ပွဲမှာ ဆွာရတ်ဟာ မိနစ် ၂၀ မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒီဂိုးဟာ ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးလည်း ဖြစ်ပါတယ်။  ဥရုဂွေးတိုက်စစ်မှူးရဲ့ သွင်းဂိုးဟာ နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းနဲ့ ပွဲ ၅၀၀ ပြည့်ကို အနိုင်သေချာစေခဲ့ပြီး အသင်းကိုလည်း အမှတ်ပေးဇယားထိပ်ဆုံးကို ပို့ဆောင်ပေး နိုင်ခဲ့ပါတယ်။  ဆွာရတ်အတွက် ဒါဟာ ဘာကာကနေ တီကိုအသင်းကို ပြောင်းပြီး ကစားခဲ့တဲ့ ၁၁ ပွဲမှာ ၈ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ပေါ်တိုကနေ အက်သလက်တီကိုအသင်းကို ပြောင်းလာတဲ့ ဖယ်လ်ကာအိုရဲ့ ၂၀၁၁ ဂိုးသွင်း စံချိန်နဲ့လည်း တူညီခဲ့ပြီဖြစ်ပါတယ်။  ဒီပွဲမှာ ဆွာရတ်ဟာ သူ့အတွက် ၉ ဂိုးမြောက်သွင်းဂိုးကို ရရှိဖို့ နီးစပ်ခဲ့ပေမဲ့ ဘောလုံးဟာ ဘားထိခဲ့တာ ဖြစ်ပါတယ်။  ဆွာရတ်ဟာ အက်သလက်တီကိုအသင်းကို ရောက်ရောက်ခြင်းမှာပဲ အသင်းနဲ့အံဝင်ခဲ့တာ ဖြစ်ပါတယ်။  သူဟာနိုဝင်ဘာ တစ်လလုံးနီးပါးအနားယူခဲ့ရပေမဲ့ ဒီဇင်ဘာလအစောပိုင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့သူ ဖြစ်ပါတယ်။  အသက် ၃၃ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဘာကာနည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ အစီစဉ်တွေထဲမှာ မပါဝင်တော့တာကြောင့် တီကိုအသင်းကို ထွက်ခွာလာခဲ့ရသူဖြစ်ပါတယ်။ သူထွက်ခွာခဲ့ရမှုက ကာလရှည် ကစားဖော်မက်ဆီအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ မက်ဆီဟာ ဆွာရတ်ကို ထွက်ခွာခွင့်ပေးတဲ အသင်းရဲ့ လုပ်ရပ်ကို အရင်က ဝေဖန်ခဲ့ဖူးသလို တနင်္ဂနွေနေ့မှာ လုပ်ခဲ့တဲ့အင်တာဗျူး တစ်ခုမှာလည်း ဒီကိစ္စကိုထပ်မံ ထည့်သွင်းပြောဆိုခဲ့ပါတယ်။  လက်ရှိအချိန်တော့ ဆီမြွန်နီရဲ့ တီကိုအသင်းဟာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်သူ အဖြစ် နှစ်သစ်ကူးနိုင်ခဲ့ပြီဖြစ်ကာ ၂၀၁၃-၁၄ နောက်ပိုင်းပထမဆုံးအကြိမ်လာလီဂါ ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။  တီကိုအသင်းဟာ ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ကာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 
10 months Ago
Up