ဖယ်ရှား

A d v e r t i s e m e n t With Us

November 22, 2020

ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ်ပေါ်က အမုန်းစကားအကြောင်းအရာ သိန်း ၂၈၀ ကျော်ကို ဖယ်ရှားခဲ့

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်က အမုန်းစကားအကြောင်းအရာပေါင်း သိန်း ၂၈၀ ကျော်ကို အခု တတိယ ၃ လပတ်မှာ ဖယ်ရှားခဲ့ပြီး မူဝါဒချိုးဖောက်တာတွေ၊ အမုန်းစကားတွေဟာ အရင်ကာလထက် သိသိသာသာ ပိုများလာတယ်လို့ ဖေ့စ်ဘွတ်ခ်က အစီရင်ခံ ထုတ်ပြန်ပါတယ်။ မနေ့က ထုတ်ပြန်တဲ့ ၂၀၂၀ ပြည့်နှစ် တတိယ ၃ လပတ်ရဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး အမုန်းစကားတွေရဲ့ ၉၅ ရာခိုင်နှုန်းကို အသုံးပြုသူတွေ မတိုင်ကြားခင်မှာပဲ ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီကာလမှာ အမုန်းစကား အကြောင်းအရာပေါင်း ၂၂၁ သိန်းကျော်ကို ဖယ်ရှား အရေးယူနိုင်ခဲ့ပြီး အကြမ်းဖက်မှုနဲ့ အများပြည်သူ ကြည့်ရှုဖို့ မသင့်တော်တဲ့ ရုပ်ပုံတွေပါဝင်တဲ့ အကြောင်းအရာပေါင်း ၁၉၂ သိန်းကျော်ကို အရေးယူနိုင်ခဲ့ပါတယ်။ ဒုတိယ ၃ လပတ်မှာ ဒီအကြောင်းအရာက သိန်း ၁၅၀ ပဲ ရှိခဲ့ပါတယ်။ ကလေးသူငယ် အဖော်အချွတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူကို ချိုးဖောက်တဲ့ အကြောင်းအရာပေါင်း ၁၂၄ သိန်းကျော်ကို အရေးယူခဲ့ပြီး ဒါကလည်း  ဒုတိယ ၃ လပတ်တုန်းက ၉၅ သိန်းပဲ ရှိခဲ့တာပါ။ အနိုင်ကျင့်တာနဲ့ ထိပါးနှောင့်ယှက်တဲ့ အကြောင်းအရာပေါင်း ၃၅ သိန်းကို ဖယ်ရှား အရေးယူခဲ့ပြီး ဒါကတော့ ဒုတိယ ၃ လပတ်ထက် ၁၁ သိန်းပိုလာခဲ့ပါတယ်။ အင်စတာဂရမ်မှာလည်း အခုကာလမှာ အမုန်းစကားတွေက ၂ ဆကျော်တိုးလာခဲ့ပါတယ်။ ဒုတိယ ၃  လပတ်မှာ ၃၂ သိန်းရှိရာကနေ အခုတော့ ၆၅ သိန်းဖြစ်လာပြီး အကြမ်းဖက်မှုနဲ့ အများပြည်သူ ကြည့်ရှုဖို့ မသင့်တော်တဲ့ ရုပ်ပုံတွေပါဝင်တဲ့ အကြောင်းအရာပေါင်းကတော့ အရင်က ၃၁ သိန်းကနေ အခု ၄၁ သိန်းကို အရေးယူနိုင်ခဲ့ပါတယ်။ ကလေးသူငယ် အဖော်အချွတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူကို ချိုးဖောက်တဲ့ အကြောင်းအရာ ပေါင်းကလည်း ၂ ဆကျော်တိုးလာပြီး အရင်က ၄ သိန်း ၈ သောင်းကျော်ကနေ အခု ၁၀ သိန်း ဖြစ်လာပါတယ်။ အနိုင်ကျင့်တာနဲ့ ထိပါးနှောင့်ယှက်တဲ့ အကြောင်းအရာပေါင်း ၂၆ သိန်းကို ဖယ်ရှား အရေးယူခဲ့ပြီး ဒါကတော့ ဒုတိယ ၃ လပတ်ထက် ၃ သိန်းပိုလာခဲ့ပါတယ်။ သေကြောင်းကြံစည်တာနဲ့ မိမိကိုယ်ကို အနာတရဖြစ်စေတာနဲ့ပတ်သက်တဲ့ အကြောင်းအရာပေါင်း ၁၃ ဒါက အရင်ထက် ၁၀ သိန်းတိုးလာတာပါ။ အင်စတာဂရမ်ရဲ့ အမုန်းစကားတွေကို ကြိုတင်ရှာဖွေနိုင်မှုနှုန်း တိုးတက်လာရတဲ့ အချက်ကတော့ အင်္ဂလိပ်၊ အာရဗစ်၊ စပိန် ဘာသာစကားတွေနဲ့ ကြိုတင်စစ်ဆေးတာမှာ ပိုပြီး ကောင်းမွန် လာတာကြောင့်နဲ့ အလိုအလျောက် စစ်ဆေးနိုင်တဲ့ နည်းပညာကို အဆင့်မြှင့်တင် ပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေဟာ ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ စက်တင်ဘာလအတွင်း ရလဒ်တွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒ ၁၂ ခု၊ အင်စတာဂရမ်ရဲ့ မူဝါဒ ၁၀ ခု နဲ့ တိုင်းတာခဲ့တာပါ။ နိုင်ငံတကာ ကျွမ်းကျင်သူတွေ အပါအဝင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိတဲ့ လူတွေ အများကြီးဆီကနေရတဲ့ မှတ်ချက်တွေအရ လူမျိုး၊ လူမျိုးစု၊ ဇာတိမွေးရပ်၊ ဘာသာရေးနှီးနွှယ်မှု၊ လိင်စိတ်တိမ်းညွတ်မှု၊ ဇာတ်ခွဲခြားမှု၊ လိင်၊ ကျား/မ၊ ကျား/မ ခံယူမှု၊ ပြင်းထန်တဲ့ရောဂါ ဒါမှမဟုတ် မသန်စွမ်းဖြစ်မှု ဆိုပြီး ကာကွယ်ပေးဖို့ သတ်မှတ်ထားတဲ့ ဝိသေသလက္ခဏာတွေကို အခြေခံပြီး တိုက်ရိုက် တိုက်ခိုက်တာမှန်သမျှကို အမုန်းစကားအနေနဲ့ သတ်မှတ်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။
2 months Ago

September 19, 2020

ပီးရူးသမ္မတကို ရာထူးကဖယ်ရှားရေး မအောင်မြင်

ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာရာဟာ သူ့ကို ရာထူးကနေ ဖယ်ရှားမယ့် ပြစ်တင်စွပ်စွဲ ချက်ကနေ လွတ်မြောက်ခဲ့ပါတယ်။  လူသိနည်းအဆိုတော် တဦးနဲ့ အစိုးရကြား ပုံမှန်မဟုတ်တဲ့ သဘောတူစာချုပ်တွေ  ချုပ်ဆိုခဲ့ တဲ့ကိစ္စနဲ့ ဆက်နွှယ်ပြီး  သမ္မတ ဗစ်ဇ်ကာရာကို  ကွန်ဂရက်မှာ စွပ်စွဲ ပြစ်တင်ခဲ့တာပါ။   စက်တင်ဘာ ၁၈ ရက်က အတိုက်အခံလွှမ်းမိုးတဲ့ ပီရူးကွန်ဂရက်မှာ ကိုယ်ကျင့်တရား ပျက်ယွင်းမှု အကြောင်းပြချက်နဲ့ ဗစ်ဇ်ကာရာကို  ရာထူးက ဖယ်ရှားရေး မဲခွဲဆုံးဖြတ်ရာမှာ    ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက်မဲ ၇၈ မဲ၊ ပျက်ကွက်မဲ ၁၅ မဲနဲ့  ရာထူးက ဖယ်ရှားရေး မအောင်မြင်ခဲ့ပါဘူး။  စက်တင်ဘာ ၁၈ ရက် အစောပိုင်းက ကွန်ဂရက်ကို ပြောဆိုတဲ့မိန့်ခွန်းမှာ သမ္မတ ဗစ်ဇ်ကာရာက ပီရူးနိုင်ငံ မသေချာမရေရာတဲ့အခြေအနေကို ကျရောက်သွားမှာ သိပ်စိုးရိမ်စရာ ကောင်းတယ်လို့  ပြောဆိုခဲ့ပါတယ်။  သူ့ကို ပြစ်တင်စွပ်စွဲတဲ့လုပ်ရပ်ဟာ ကွန်ဂရက်ရဲ့ အကြံအစည် ဖြစ်တယ်လို့ ဗစ်ဇ်ကာရာက ဆိုပါတယ်။  ပြီးခဲ့တဲ့နှစ်က သမ္မတ ဗစ်ဇ်ကာရာရဲ့ အကျင့်ပျက်ခြစားမှု ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အတိုက်အခံနဲ့ သဘောထား ကွဲလွဲနေချိန်မှာပဲ ဗစ်ဇ်ကာရာက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။  လက်ရှိ ပီးရူးလွှတ်တော်ကို ဇန်နဝါရီလမှာ ရွေးကောက်တင်မြှောက်ခဲ့တာပါ။   ပီရူးနိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်တဲ့ သမိုင်းကြောင်းရှိပြီး လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလမှာ လက်ရှိ သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ၃ ကြိမ် ကြိုးပမ်းဖူးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago
More News
Up