ဖယ်ခုံမြို့

October 27, 2021

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာအနီး တောင်ကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDF၊ ပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က သတင်းထုတ်ပြန်ပါတယ်။

မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရှိရဘူးလို့ ဖယ်ခုံ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်လိုက်သေးတယ်။ ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာပေါ့။ ကသဲကျေးရွာရဲ့  တောင်ကုန်းထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ညနေ ၄ နာရီလောက်ပေါ့ အဲချိန်လောက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က ရဲဘော်တယောက်တော့ ခြေသလုံးကို ဒဏ်ရာတချက်ရသွားတယ်။ ခြေသလုံးရှပ်ထိသွားတာပေါ့။ စစ်ကောင်စီဘက်ကတော့ ကျနော်တို့လည်း သေချာမသိရဘူးဗျာ။” 

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်အတွင်း ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ဦးလည်း ကျည်ထိမှန်ခဲ့သလို အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာလည်း ကသဲကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကိုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ဖျက်ဆီးတာကြောင့် ကသဲကျေးရွာ တောင်ကုန်းပေါ်မှ ာအခြေချတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဖယ်ခုံ PDF တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ဆီမှာ အဓိကကတော့ သူတို့က မြို့ပေါ်တွေမှာကော အင်အားတွေ တိုးချပြီးတော့ မြို့ပေါ်တွေမှာ လိုက်ပြီးတော့ အကြောင်းမဲ့ပစ်တယ်။ အကြောင်းမဲ့ပြည်သူတွေကို စစ်တယ် ဆေးတယ်၊ ရှာဖွေတယ်၊ အိမ်လည်း တခါတလေ ဖျက်ဝင်တယ်၊ အဲလိုမျိုးတွေ လျှောက်လုပ်တယ်။ နောက်ပြီး မြို့ရဲ့ မြောက်ဘက်အထွက် လမ်းကြောင်းတလျှောက် ရွှေပြည်အေးရွာတို့ဘက်မှာ လမ်းကြောင်းတွေ ချထားတယ်။ ပြီးတော့ စစ်ကြောင်းကို ဟိုဘက်ထိုးလိုက်၊ ဒီဘက်ထိုးလိုက်လုပ်တယ်။ ရွာတွေ ဝင်တယ်၊ ဆိုင်တွေ ဖောက်တယ်၊ စားစရာလည်း ယူတယ်။ အဲဒီလိုတောက်လျှောက်တွေ လုပ်တယ်။ အဲကြောင့် ကျနော်တို့လည်း သူတို့ကို သွားပစ်တာပေါ့ သူတို့ရဲကင်းတွေကို။ ”

အပြန်လှန်ပစ်ခတ်ပြီးနောက်ပိုင်း ဒီကနေ့ မနက်ပိုင်းက ရွှေပြည်အေးဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သလို လူတဦးလည်း လက်မှာ ထိခိုက်မှုရှိခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။ 

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွှေပြည်အေးကျေးရွာမှာ လူပေါင်း ၃၀၀ နီးပါးလောက် စစ်ရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ရွှေပြည်အေး စစ်ရှောင်လာတာက အယောက် ၂၇၀ လောက်ရှိမယ်နော်။ အခု ဒီဘက်မှာပဲ ပို့ထားတယ်။ လက်နက်ကြီးက သူတို့ဆီမှာ အလုံး ၂၀ လောက်ကျတယ် ပြောတယ်။ သူတို့ စစ်ရှောင်ထားတဲ့ စခန်းနားမှာပဲ အဲလို လှမ်းထုတယ် ပြောတယ် ဒီမနက်တုန်းက။”

လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဖွဲ့ဟာ ဖယ်ခုံ-ရွှေပြည်အေး လမ်းကြော တောင်ကုန်းပေါ် အင်အားအများအပြားချထားပြီး ဖယ်ခုံမြို့ပေါ်မှာ အကြောင်းမဲ့ပစ်ခတ်နေသလို စစ်ဆေးနေတယ်လို့ ပြောပါတယ်။

3 months Ago

September 29, 2021

ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန် (ရုပ်သံ)

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲဘက်ကနေ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ ဒီနေ့မွန်းတည့် ၁၂ နာရီခွဲလောက်က ကုန်းသာရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီနေ့ညနေ ထုတ်ပြန်ပါတယ်။

စစ်ယာဥ်တန်း ၄၀ ကျော်ပါ စစ် ကောင်စီစစ်ကြောင်းနဲ့ ဖယ်ခုံPDF (အင်းအရှေ့ခြမ်းတပ်ခွဲ)၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF နဲ့ အခြားနယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တဲ့ တပ်ပေါင်းစုတို့ ရှမ်းကယားနယ်စပ် လွိုင်ကော်မြို့နယ် ကုန်းသာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ကျဆုံးဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။            

ကုန်းသာကျေးရွာတိုက်ပွဲမှာ ဖယ်ခုံ PDF က အင်အား ၃၀၀ နီးပါး ပါဝင်တိုက်ခိုက်နေပြီး ဖယ်ခုံ PDF က ၄ ဦးကျဆုံးကာ စစ်ကောင်စီတပ်ဘက်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုရဲ့ ပိတ်ဆို့တိုက်ခိုက် ခံရတာကြောင့် အခြေအနေဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်တွေ ကုန်းသာကျေးရွာမှာ ပိတ်မိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။‌

ခမရ ၄၂၂ က ကုန်းသာကျေးရွာဘက် လက်နက်ကြီးပစ်ကူပေးနေတာကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲနဲ့ ခမရ-၄၂၂ ကြားမှာ မိုးဗြဲ PDFနဲ့ စစ်ကောင်စီတပ်တွေလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ညနေ ၃း၄၅ လောက်မှာလည်း ဖယ်ခုံမြို့ အမှတ်-၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဖယ်ခုံ PDFနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဖယ်ခုံ PDF က ပစ်ခတ်တဲ့ လက်နက်ကြီးနှစ်လုံး စစ်တပ်ဘားတိုက်အပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်ကလည်း လူနေအိမ်တွေအပေါ် လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်က ဒီနေ့ညနေအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၈ ရက်ကလည်း  ည ၁၂ အချိန်ထိနဲ့ မနက်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း ကသဲကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က အသက် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးပစ်သတ်ဖြတ်ခဲ့ပြီး ဒီနေ့ညနေမှ အလုပ်ပြန်တွေ့ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်း-ကယားနယ်စပ် ဖယ်ခုံ-မိုးဗြဲ-ဒီးမောဆို-လွိုင်ကော်မြို့နယ်တွေက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ပွဲဆိုးကျိုးဒဏ်တွေကို အလူးအလဲ ခံစားနေရပါတယ်။

4 months Ago
More News
Up