ဖမ်းဆီးရိုက်နှက်နှိပ်စက်

March 25, 2022

ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာတွင် သက်ကြီးရွယ်အိုများကို စစ်ကောင်စီတပ် ရိုက်နှက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာက သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီတပ်က မတ် ၂၄ ရက် ည ၇ နာရီကျော်လောက်မှာ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ရေဦးမြို့နယ်ကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က  အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ကင်းပြစ်ရွာထဲကို ဝင်ရောက်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံ ကင်းထောက်သမားတဦးက “ကျနော်တို့ လူငယ်၊ လူလတ်နဲ့ ပြေးနိုင်လွှားနိုင်သူတွေကတော့ သူတို့ စစ်ကောင်စီတပ်တွေ မလာခင်ကတည်းက ရှောင်နေကြတယ်။ သူတို့ ညနေ ရွာထဲဝင်လာပြီး မပြေးနိုင်ဘဲ ရွာထဲကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်နေတာတွေ လုပ်နေတယ်ဗျ။ ဘယ်လိုသိရတာလဲဆိုတော့ ကျနော်တို့ ကင်းထောက်တွေ ချထားတယ်။ ရွာထဲက အော်သံတွေလည်း အတိုင်းသား ကြားနေရတာ ဆရာရေ။ အထူးသဖြင့် အဘိုးအိုတွေကို ရိုက်နှက်နေတယ်” လို့ ပြောပါတယ်။

အဆိုပါ ကင်းပြစ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး  ခင်ဦးမြို့ရဲ့ အ‌နောက်ဘက် ၅ မိုင်လောက် အကွာမှာ တည်ရှိတာပါ။

ဒါ့အပြင် ကင်းပြစ်ရွာအနီးမှာရှိတဲ့ ပျဉ်ထောင်ကျေးရွာမှာလည်း စစ်ကောင်စီက ပျူစောထီးသင်တန်းတွေ ပေးနေတဲ့အတွက် ဒေသခံ ရွာသားတွေဟာ နေ့စဉ်ဆိုသလို ကျေးရွာအတွင်းကနေ ထွက်ပြေးလိုက်၊ သူတို့ပြန်သွားရင် ပြန်ဝင်လိုက် လုပ်နေရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

1 year Ago

September 16, 2021

ပုလဲမြို့နယ်၊ ပန်းရွာသား ၄၀ ကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နှိပ်စက်ပြီး ပြန်လွှတ်ပေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာက ဖမ်းဆီးခံထားရတဲ့ ရွာသူ ၊ ရွာသား အယောက်  ၄၀ ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက် ဒီကနေ့ ပြန်လွှတ်ပေးခဲ့ပေမယ့် အားလုံး ရိုက်နှက်နှိပ်စက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“မနက်ပိုင်းကို စစ်သားတွေ ပြန်ထွက်သွားတယ်။ ဖမ်းခံထားရသူတွေ ပြန်လွှတ်ပေးတယ်။ အားလုံး နှိပ်စက်ခံထားရတယ်။ စစ်သားတွေထွက်သွားလို့ ရွာသူရွာသားတွေရွာထဲ ပြန်လာပြီး သန့်ရှင်းရေးလုပ်နေတာ၊ ခုပြန်ဝင်လာလို့ပြန်ပြေးနေရပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ပန်းရွာကို စစ်အုပ်စုက စက်တင်ဘာ  ၁၅ ရက် မနက်ပိုင်းက ဝင်ရောက်မွှေခဲ့ပြီးနောက် ရွာထဲက အိမ်အကောင်းတွေကို ဝင်ရောက်ရှာဖွေမွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

"ရွာထဲမှာ မပြေးနိုင်တဲ့သူတွေ ကျန်ခဲ့တယ်။ စစ်သားတွေက အိမ်အကောင်းတွေဆို ဝင်မွှေ ထားတယ်၊ သေတ္တာဆိုသော့ဖျက်ပြီး မွှေတယ်။ ဘီရိုတွေလည်း အဝတ်တွေ အကုန်ဖယ်ပြီး ရှာထားတယ်။ သော့ခတ်ထားတဲ့အိမ်ဆိုရင်လည်း သော့ဖျက်ပြီးရှာတယ်။ ဘီယာသောက်ပြီးတော့ တောင် ဘူးထောင်ခဲ့သေးတယ် "လို့ရွာသားတစ်ဦးကပြောပါတယ်။ 

စစ်သားတွေရွာထဲကထွက်သွားတာကြောင့် ရွာကိုပြန်လာပြီး အိမ်ကိုသန့်ရှင်းရေး ပြန်လုပ် နေကြစဉ်  စစ်အုပ်စုက ပြန်ဝင်လာလို့ ထပ်မံထွက်ပြေးနေရပြီး ဖမ်းဆီးရိုက်နှက်ခံရမှာကို စိုးရိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာမှာ စက်တင်ဘာ ၁၄ ရက်ကစပြီး အင်တာနက်တွေ ဖြတ်တောက်ခံထားရပြီး Mytel တမျိုးတည်းသာ  အင်တာနက်အသုံးပြုလို့ရပေမယ့် Mytel အသုံးပြုသူနည်းတာကြောင့် အင်တာနက် အသုံးပြုလို့မလွယ်ဘူးလို့ သိရပါတယ်။

2 years Ago
Up