ဖမ်းဆီးနှိပ်စက်မှု

August 11, 2021

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့်နဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ပုလဲ-ဂန့်ဂေါကားလမ်းမကြီးဘေးရှိ ကျေးရွာတွေက အပြစ်မဲ့ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်အတွင်း ပုလဲ-ဂန့်ဂေါ ကားလမ်း ပုံတောင်နတ်ထိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူတော်လှန်ရေးအဖွဲ့တို့ အခု ဩဂုတ်လအတွင်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာ အနီးတစ်ဝိုက် ကျေးရွာတွေက အပြစ်မဲ့ရွာသားတွေကို ရှာဖွေဖမ်းဆီးကာ လက်နက်ကိုင်တွေနဲ့ပတ်သက်ပြီး ရိုက်နှက်စစ်ဆေး ခြိမ်းခြိမ်တာတွေ ပြုလုပ်တယ်လို့ ရွာသားတဦးက ပြောပါတယ်။ 

“လက်နက်ကိုင်တဲ့သူကို ပြောရင်ပြော၊ မပြောလို့ကတော့ ရွာတိုင်းကို မီးရှို့ပြာကျအောင်လုပ်မယ်။” ဆိုပြီး ခြိမ်းခြောက်တာလို့ ဆိုပါတယ်။

ဒါကြောင့် ပုလဲမြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာကျော်က ရွာသားထောင်နဲ့ချီ နေရပ်ကို စွန့်ခွာထွက်ပြေးနေရတာလို့ သူက ဆက်ပြောပါတယ်။

“အဲတိုက်ပွဲ ၂ ကြိမ်လုံး စစ်ကောင်စီဘက်က အကျဆုံးများတယ်။ သူတို့ဘက်ကခံရတော့ ဒီကောင်တွေက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတဲ့ရွာကလူတွေကို ဖမ်းဆီးရိုက်နက်မေးမြန်းတယ်ဗျ။ အဲလိုတွေ လုပ်နေတော့ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးနေရတယ်။ ဂန့်ဂေါ်-ပုလဲ ကားလမ်းမကြီးဘေးက ကျေးရွာက လူတွေ အကုန်ထွက်ပြေးနေရတယ်။ ထွက်ပြေးတယ် ဆိုတာကလည်း ယာယီပေါ့နော်။ သူဆို စစ်တပ်က လာရင်ပြေး၊ စစ်တပ်မရှိရင် ရွာထဲပြန်ဝင်ပေါ့။ ရွာကလူတွေအတွက်တော့ အတော်လေး ဒုက္ခရောက်တယ်။”

ပုလဲမြို့နယ် ပုံတောင်နတ်ထိတ်အနီးရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်တွေပါ ယူဆောင်ပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း ပစ်သတ်စားသောက်တာတွေပါ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

5 months Ago

July 3, 2021

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့သည့် ကိုစိုးမင်း၏ ဈာပနပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ နဝင်းနယ်မြေ၊ ဖိုးခေါင်ကျေးရွာမှာ စစ်ကောင်စီရဲ့ ဒလန်သတင်းပေးတိုင်ကြားခံရလို့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဇွန်လ ၂၉ နေ့ည ၁၁ နာရီမှာ နေအိမ်ကနေ ဖမ်းဆီးသွားပြီး ဇူလိုင် ၁ ရက်နေ့က သေဆုံးခဲ့ရတဲ့ ကိုစိုးမင်းရဲ့ ဈာပနကို ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဖမ်းဆီးစဉ်က မြရွာကျောင်း ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတာဖြစ်ပြီး ကာယကံရှင်တွေဘက်ကတော့ မဟုတ်ဘူးလို့ ငြင်းဆိုပြီး ဒလန်ရဲ့ လီဆယ်တိုင်တန်းမှုကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။

“လာဖမ်းတုန်းက စစ်သားရော၊ ရဲရောနှစ်ဖွဲ့စလုံးပါတယ်။ ဖမ်းခံရတာ ၂၉ ရက်နေ့ ည ၁၁ နာရီကျော်ကျော်လောက်မှာ ဖမ်းသွားတာ။ ရွာထဲမှာ ပြောတာကတော့ သတင်းရလို့ ဝင်ဖမ်းသွားတာလို့ ပြောတယ်။ ဘယ်မှာထားလဲဆိုတာ အိမ်ကလူတွေ လိုက်စုံစမ်းတော့ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ပြောပြီး၊ နောက်နေ့ကျတော့ ဆေးရုံကြီးမှာ အလောင်းလာထုတ်ပါတော့တဲ့။ အခုအလောင်းထုတ်လာတော့ တော်တော်ကြီးကို နှိပ်စက်ခံထားရတဲ့ မြင်ရက်စရာတောင်မရှိဘူး။ တော်တော်လေးကို ရိုက်နှက်ထားတာ အညိုအမည်းတွေနဲ့၊ လက်ကောက်ဝတ်တွေကို ရိုက်ချိုးထားတယ်” လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုစိုးမင်းဟာ သံဖြူလုပ်ငန်း လက်ခစား လုပ်ကိုင်‌နေသူဖြစ်ပြီး ကိုရင်ဝတ်ခိုင်းထားရတဲ့ ၁၁ နှစ်အရွယ်သား ၁ ဦး၊ ၂ နှစ်အရွယ်သမီး ၁ ဦးနဲ့ အကြားအာရုံအားနည်းနေတဲ့ ဇနီးတို့ ကျန်ရစ်တယ်လို့ သိရပါတယ်။

7 months Ago
Up