မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေအထဲက အချုပ်သား ၄၁ ယောက် ဇန်နဝါရီ ၂၄ ရက် ပြန်လွတ်လာတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။
လွတ်မြောက်လာသူ အများစုက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်က ထင်းတန်းလမ်း သပိတ်စစ်ကြောင်းဖြိုခွဲအပြီးမှာ အဖမ်းခံခဲ့ရတဲ့သူတွေဖြစ်ပြီး သူတို့ကို ဒီနေ့ရုံးချိန်းမှာပဲ အပြစ်မရှိလို့ တပြိုက်နက်လွှတ်ပေးလိုက်တာလို့ လွတ်မြောက်လာသူတယောက်က ပြောပါတယ်။
လွတ်မြောက်လာသူတစ်ဦးရဲ့ မိသားစု၀င်က “ သူတို့အားလုံးက ၄၇ ယောက်ရှိတယ်။ အဲဒီထဲက သူတို့ အမှုရင်ဆိုင်နေဆဲမှာပဲ ၆ ယောက်က လွှတ်ပေးလိုက်တာကြာပြီ။ ကျန်တဲ့ ၄၁ ယောက်က ထောင်တွင်းတရားရုံးမှာ တနှစ်လောက် အမှုရင်ဆိုင်နေရင်းနဲ့ အခုတော့ ထောင်တွင်းအထူးတရားရုံးက မြို့နယ်တရားသူကြီးက သူတို့ ၄၁ ယောက်က ပြစ်မှုမထင်ရှားတဲ့အတွက်ဆိုပြီး အခုလွှတ်ပေးလိုက်တာ”လို့ ပြောပါတယ်။
ဒီနေ့လွတ်မြောက်လာသူအများစုထဲမှာ ကျောင်းသားတွ၊ ပြည်သူတွေ အများစုပါပြီး အန်အယ်လ်ဒီ ပါတီဝင်တွေ ပါလာတာတော့ မတွေ့ရပါဘူး။
ဒီနေ့လွတ်တဲ့သူတွေထဲက တချို့ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးနေတယ်လို့ လူမှုကွန်ရက်မှာ သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီက စုံစမ်းရသလောက်ကတော့ အတည်မပြုနိုင်သေးပါဘူး။
ပခုက္ကူအကျဉ်းထောင်ထဲမှာ ရာဇသတ်ပကြီးပုဒ်မ ၅၀၅ ပုဒ်မ အပါအ၀င် နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ အယောက် ၂၀၀ လောက်ရှိတယ်လို့ ပြန်လွတ်လာသူတွေဆီက သိရပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က ဖမ်းဆီးခံရတဲ့ ဆန္ဒပြ အရပ်သား ၇၂ ယောက်နဲ့ သတင်းဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းထောက်တစ်ယောက်ကို မနေ့ည ၈ နာရီကျော်မှာ ရဲစခန်းက ပြန်လွှတ်ပေးလိုက်ပါတယ်။
မြစ်ကြီးနားခရိုင် ရဲမှူးတင်ဖေဝင်းက “ရိုးရိုးသားသားဆန္ဒပြတဲ့ ၇၂ ယောက်ကို ဒီနေ့ညမှာ ပြန်လွှတ်လိုက်တာပါ။ မသင်္ကာစရာ သက်သေခံပစ္စည်းတွေ (ဂျင်ဂလိ) တွေ့တဲ့သူတွေကိုတော့ အရေးယူသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပြန်လွတ်လာတဲ့ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၃၆ ယောက်ကို ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးတာဖြစ်ပြီး ကျန် ၉ ယောက်ကိုတော့ အရေးယူခံရနိုင်တယ်လို့ ပြန်လွတ်လာဖို့ ကြိုးပမ်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခုထံကနေ သိရပါတယ်။
မနေ့က ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သတင်းထောက်ကတော့ ကချင်ပြည်နယ် အခြေစိုက် The 74 မီဒီယာမှ သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က အောင်နန်းရပ်ကွက် အ.ထ.က (၃) ကျောင်းအနီးမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က သေနတ်နဲ့ပစ်ခတ်၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်မှာ ခေါင်းပေါက်သူနဲ့ နံပါတ်တုတ်နဲ့ အရိုက်ခံထားရလို့ ဒဏ်ရာရရှိထားသူ ၅ ဦးထက်မနည်းရှိပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။