ဖမ်းဆီးချုပ်နှောင်မခံရရေး

March 25, 2020

နေရပ်ပြန်မြန်မာအလုပ်သမားများ တရုတ်နိုင်ငံ၌ ဖမ်းဆီးချုပ်နှောင်မခံရရေး ကူညီပေးရန် အစိုးရကို တောင်းဆို

တရုတ်နိုင်ငံ ရှန်တုန်ပြည်နယ် ဝေ့ဟိုင်မြို့ပေ့ရွမ် ပင်လယ်စာစက်ရုံမှာ ကျန်ရှိနေတဲ့ မြန်မာလုပ်သား ၉၀ ကျော်ပြန်လာဖို့ ဆောင်ရွက်ရာမှာ ဖမ်းဆီးချုပ်နှောင်ခံရတာတွေ မဖြစ်အောင် အစိုးရက ကူညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အောင်လံမြို့နယ်ကို တရုတ်နိုင်ငံကနေ ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့ကပြန်ရောက်ခဲ့တဲ့ မြန်မာအလုပ်သမား ၂၆ ယောက်ဟာ တရုတ်ရဲစခန်းမှာ အချုပ်ခံရတာနဲ့ ငွေးကြေးပေးခဲ့ရတာတွေကြောင့် အစိုးရက ကူညီဆောင်ရွက်ပေးဖို့ မတ် ၂၄ ရက်နေ့က တောင်းဆိုခဲ့ကြတာပါ။ မြန်မာနိုင်ငံပြန်လာတဲ့သူတွေကို ပေကျင်းရှိ မြန်မာသံရုံးအကူညီနဲ့ ပြန်လွှတ်တာဆိုပေမယ့် မိန်းတိန်ရဲစခန်းမှာ အချုပ်ခံခဲ့ရပြီး လုပ်ခလစာ ၂ လစာလည်း မထုတ်ခဲ့ရဘဲ စုဆောင်းထားတဲ့ ကိုယ်ပိုင်ငွေတွေကိုလည်း ပြန်အပ်ခိုင်းပြီး တရုတ်ရဲက အကုန်ယူခဲ့ကြောင်း၊ ဒဏ်ငွေအဖြစ် တရုတ်ယွမ်ငွေ ၅၀၀၀ နဲ့ ကားခ ၂၆၀၀ ပေးခဲ့ရတယ်လို့ အောင်လံမြို့နယ် ညောင်ငုတ်တိုရွာနေ အလုပ်သမား ကိုမင်းအောင်က ပြောပါတယ်။  တရုတ်နိုင်ငံ ပြန်လာတဲ့ အလုပ်သမား ကိုသီဟက “စက်ရုံမှာကျန်တဲ့သူတွေကို တစုတဝေးတည်း ပို့ပေးဖို့နဲ့ ကျနော်တို့လို မဖြစ်အောင် တာဝန်ရှိ သက်ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင် ပြန်ရောက်ဖို့ စောင့်ရှောက်ပို့ဆောင်ပေးဖို့ အထူးမေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။ စက်ရုံသူဌေးက မြန်မာနိုင်ငံလုပ်သားတွေထဲက ဦးဆောင်သူတွေ၊ ပြောရဲဆိုရဲသူတွေ ၂၆ ယောက်ကို မတ် ၁၆ ရက်နေ့ကပြန်ပို့ခဲ့တာဖြစ်ပြီး  ကျန်တဲ့အလုပ်သမားတွေကို လုပ်အားခေါင်းပုံဖြတ်အနိုင်ကျင့်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အောင်လံမြို့နေ သပြေခုံရွာက အလုပ်သမားမိဘတဦးဖြစ်တဲ့ ဦးသောင်းရွှေက ပြောပါတယ်။ “ကျနော့် သားသမီးတွေ တရုတ်နိုင်ငံစက်ရုံမှာ အတိဒုက္ခရောက်နေတယ်။ ကပ်ရောဂါတွေလည်း ကျရောက်နေလို့ မိဘတွေ စိတ်ပူနေရတယ်၊ အ မြန်ဆုံးအဆင်ပြေအောင်ဆောင်ရွက်ပေးပါ။” မကွေးတိုင်းဒေသကြီးအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးကျော်ခိုင်လင်းက “ရဲစခန်းမှာ အချုပ်ခံရတာတွေ သံရုံးအစီအစဉ်ဆိုပြီး ငွေကြေးကောက်ခံတာတွေမဖြစ်သင့်ဘူး၊ လက်ရှိတရုတ်နိုင်ငံစက်ရုံမှာ ကျန်ရှိခဲ့တဲ့ အလုပ်သမားအားလုံး မြန်မာနိုင်ငံကို လျောလျောရှူရှူပြန်ရောက်ဖို့ မြန်မာအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတို့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။” တရုတ်နိုင်ငံ ဟိုက်ဖူးစက်ရုံက ပြန်ပို့ခဲ့တဲ့ အလုပ်သမားတွေကတော့ ဖမ်းဆီးချုပ်နှောင်တာ မခံရဘဲ ပေ့ရွမ်စက်ရုံကအလုပ်သမား ၂၆ ယောက်ကတော့ တရုတ်နိုင်ငံနယ်စပ် မိန်တိန်းအချုပ်ခန်းမှာ တနေ့နဲ့တည ချုပ်နှောင်ခံခဲ့ရတာ လို့ သိရပါတယ်။ တရုတ်နိုင်ငံက ပြန်လာတဲ့အလုပ်သမားတွေဟာ လမ်းတလျှောက်နဲ့ အောင်လံပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သတင်း-ဘဦး
2 years Ago
Up