ဖမ်းဆီးခံ အနုပညာရှင်

October 23, 2021

နာမည်ကျော်အနုပညာရှင်များ ပြန်လွတ်မလာသေးသလို အကျိုးအကြောင်းစုံစမ်းမရဟု ရှေ့နေပြော

စစ်ကောင်စီက သီတင်းကျွတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအထဲမှာ ဖမ်းဆီးခံနာမည်ကျော် အနုပညာရှင်တွေ ပါဝင်လာတာ မရှိသေးသလို အကျိုးအကြောင်း အချက်အလက်တွေကိုလည်း စုံစမ်းလို့မရသေးဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီဟာ  အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မရပြီးနောက် အကျဉ်းသားတွေနဲ့ ပုဒ်မ ၅၀၅ အမှုနဲ့ ဖမ်းဆီးတရားစွဲခံရသူ ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့က  ကြေညာခဲ့တာပါ။ 

လက်တွေ့မှာတော့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်လောက်ပဲရှိခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းထားပြီး လွတ်လာပြီးမှ ပြန်အဖမ်းခံရသူလည်း  ၁၀၀ ကျော်အထိ ရှိပါတယ်။

သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပို တို့အပါအဝင် အနုပညာရှင်တွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့မှာ ပြန်မလွတ်လာသလို အကျိုးအကြောင်းကိုလည်း စုံစမ်းလို့မရသေးဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

ဝါရင့်ရှေ့နေတစ်ဦးက “မလွတ်သေးဘူးဗျ။ အခုဟာက မူလစာရင်းထဲမှာ ပါ မပါ။ အဲဒါကို အတည်ပြုဖို့ကိုပဲ အကျဉ်းထောင်ဘက်ကလည်း မေးလို့မရ။ ရဲကိုမေးတော့လည်း စာရင်းက အကျဉ်းထောင်မှာရှိတယ်ဆိုပြီး ချာလည်လည်နေလို့။ ပြေတီဦးတို့ ဇနီးမောင်နှံ၊ ကိုလူမင်းတို့လည်း မလွတ်သေးပါဘူး။ သတင်းစာဆရာ စည်သူအောင်မြင့်တို့၊ မသူဇာတို့ သူတို့လည်း မပါကြသေးဘူး။ သူတို့က နှစ်ခုပြောတယ်။ တစ်ခုက မူလလွှတ်မယ့်စာရင်း ၄၃၂၀ထဲမှာ မပါတာလားဆိုတာ။ အဲဒါလည်း သူတို့က တိတိကျကျ မပြောကြဘူး။ နောက်တစ်ခုက ၄၃၂၀ ထဲမှာ ပါတဲ့သူတိုင်းလည်း မလွတ်ဘူးတဲ့။ နောက်ထပ်ဆက်ပြီးတော့ တရားစွဲဖို့ အမှုလက်ကျန် ရှိနေတယ်ပေါ့။ အမှုတည်ဆောက်နေဆဲ၊ တရားမစွဲရသေးဘူး၊ သို့သော် တရားစွဲဖို့ အစီအစဉ်ရှိတဲ့သူတွေဆိုရင်လည်း မပါဘူးတဲ့။ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ သတင်းတပ်ဖွဲ့နဲ့ နယ်မြေခံမြို့မရဲစခန်းတွေရဲ့ ကန့်ကွက်ရန်မရှိဘူးဆိုတဲ့ သဘောထားမှတ်ချက်ပေးမှ လွှတ်တာ။ ဒီလူကို လွှတ်ဖို့ ကန့်ကွက်တယ်ဆိုတဲ့ သဘောထားမှတ်ချက်ပေးရင်လည်း မလွှတ်ဘူးလို့ ပြောတယ်။ အခုကတော့ တိကျသေချာတဲ့ အဖြေ ဘာမှမရသေးဘူး။”

အောက်တိုဘာ ၂၂ ရက်နေ့အထိ အင်းစိန်ထောင်ကနေ အကျဉ်းသားတွေကို နည်းနည်းချင်းစီ ပြန်လွှတ်ပေးတာတွေရှိနေပြီး စစ်ကောင်စီရဲ့ဆောင်ရွက်ချက်ဟာ အကျဉ်းဦးစီးမှတ်တမ်းမှာ မရှိတဲ့ဆောင်ရွက်ချက်မျိုးဖြစ်တယ်လို့ ရှေ့နေတစ်ယောက်က ပြောပါတယ်။

အရင်တုန်းက နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပြီး ၂ရက်အတွင်းမှာ အကျဉ်းသားတွေကို အကုန်လွှတ်ပေးတာဖြစ်ပြီး အခုကတော့ အောက်တိုဘာ ၁၈ ရက်မှ ၂၂ရက်နေ့အထိ ၅ ရက်ကြာတာတောင် လွှတ်ပေးတဲ့လုပ်ငန်းစဉ်မပြီးပြတ်သေးဘူးလို့ ဆိုပါတယ်။

ဝါရင့်ရှေ့နေတစ်ဦးက “အစီအစဉ်တကျ ဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ အာဆီယံ ဆုံးဖြတ်ချက်အပေါ်မှာတုံ့ပြန်မှု တခုခုကို‌ မျှော်လင့်ပြီးတော့ အရေးပေါ် ဆောင်ရွက်လိုက်ရတယ်။ မျှော်မှန်းတဲ့ အာဆီယံရလဒ်က ပေါ်မလာတဲ့အခါမှာ ပြန်ပြီးဖမ်းဆီးတာတို့ လွှတ်မယ်ဆိုတဲ့ စာရင်းထဲကလူတွေကို မလွှတ်ဘူးဆိုတဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ်ပေါက်လာတဲ့သဘောလို့မြင်ပါတယ်။ အကျဉ်းဦးစီးမှတ်တမ်းမှာ ဒါမျိုးဖြစ်စဉ်တွေ မရှိဘူး။ တခါတရံ လွတ်ငြိမ်းချမ်းသာဆိုရင် တနိုင်ငံလုံးပေါင်း လေး ငါး ခြောက်သောင်း လွှတ်တာတောင်မှပဲ အမိန့်ထုတ်ပြန်ပြီးရင် ၂ ရက်ဆိုရင် အားလုံးလွှတ်ပြီး ဖြစ်သွားပြီ။ အခုဟာက အဲဒီလိုမဟုတ်ဘဲ မူဝါဒလည်း သေသေချာချာမရှိဘဲ စုံစမ်းလို့လည်း မရဘူး။ ဌာနတွေကလည်း သတင်းတွေကို တိတိကျကျမေးမရဘူးဆိုတော့ လုပ်တဲ့လုပ်ငန်းစဉ်ကတော့ တော်တော်လေး ကမောက်ကမနိုင်တယ်လို့ မြင်ပါတယ်။”

စစ်ကောင်စီက အကျဉ်းထောင်တွေကို တိုက်ရိုက်ထိန်းချုပ်နေတာဖြစ်ပြီး အကျဉ်းထောင်တွေထဲမှာ တရားရုံးတွေဖွင့်ပြီး မတရားဖမ်းဆီးခံရတဲ့ ပြည်သူတွေကို စိတ်ကြိုက်ခြယ်လှယ်စီရင်နေတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့သူတွေရဲ့ ပြောဆိုချက်တွေအရ စစ်ကြောရေးတွေမှာ ရိုက်နှက်နှိပ်စက်တာ၊ တိုက်ပိတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို စစ်ကောင်စီက ကျူးလွန်နေတယ်လို့ သိရပါတယ်။

3 months Ago

October 18, 2021

ဖမ်းဆီးခံ အနုပညာရှင် ၂၄ ဦး အင်းစိန်ထောင်မှ ပြန်လွတ်လာနိုင်ဟု ရှေ့နေပြော

စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ကြေညာပြီးနောက် အင်းစိန်ထောင်က ပြန်လွတ်လာမယ့် သူတွေထဲမှာ အနုပညာရှင် ၂၄ ဦးနဲ့ ထင်ရှားကျော်ကြားသူ ၁၀ ဦးပါဝင်လာနိုင်တယ်လို့  သရုပ်ဆောင်ရဲတိုက်နဲ့ ပိုင်တံခွန်တို့ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ ကြားထားတာကတော့ အနုပညာရှင် ၂၄ ဦးနဲ့ ထင်ရှားကျော်ကြားသူ ၁၀ ဦး၊ ၃၄ဦး ပါလာလိမ့်မယ်။ အကုန်လုံးနီးပါးလောက် ပါလာပါလိမ့်မယ်။ ခုညနေကို သူတို့ မီသလောက် လွှတ်ပေးမယ်လို့ ပြောတယ်လေ။ ခုညနေပဲ ပါလာမလားပေါ့။ မိသားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ စောင့်ဖို့ ကြိုဖို့လုပ်နေပါတယ်” လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

ရန်ကုန် အင်းစိန်ထောင်မှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းမှာ စတင်ပြီး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြစ်ဒဏ်ချခံထားရတဲ့သူတွေကတော့ ခံဝန်လက်မှတ်ထိုးပြီးမှ လွတ်မြောက်မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရှေ့နေဦးခင်မောင်မြင့်က “အမှုရင်ဆိုင်ဆဲသူတွေကိုတော့ အမှုရုပ်သိမ်းတဲ့ နည်းလမ်းနဲ့ လွှတ်ပေးမယ်ပေါ့။ စစ်ခုံရုံးတွေက အမိန့်ချပြီးသား ၁၃၀၀ ကျော်ကတော့ စည်းကမ်းချက် သတ်မှတ်ပြီးတော့မှ နောက်နောင် ဒါမျိုး ပြစ်မှုမကျူးလွန်တော့ဘူး ကျူးလွန်ရင် နောက်ထပ်ကျူးလွန်တဲ့ ပြစ်မှုအတွက်ရော အခုလျှော့ပေါ့ပေးတဲ့ ပြစ်ဒဏ်အတွက်ရော ကျခံပါ့မယ်ဆိုတဲ့ ခံဝန်ကတိထိုးပြီးတော့ လွှတ်ပေးမယ် ပြောပါတယ်။ အချုပ်တွေကတော့ အရင်လွတ်လာမှာပေါ့။ ကျန်တဲ့သူတွေကတော့ မနက်ဖြန်၊ သို့မဟုတ် သန်ဘက်ခါ တစ်ရက်ရက် လွတ်လာကြပါပြီ။ အခုအထဲထဲမှာ လွှတ်နိုင်သလောက်လွှတ်ဖို့ ခန်းမတော့ ပြင်ဆင်နေပါပြီ။  ထောင်ဘက်က ရသလောက် မီသလောက် လွှတ်ပေးမယ်လို့ ပြောပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့  တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်တာပါ။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူဘက်ကနေ ရပ်တည်ခဲ့တဲ့ ထင်ရှားတဲ့အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မင်းသားရဲတိုက်၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊  ပိုပို၊ စသူတွေ အကျဉ်းထောင်မှာ  ဖမ်းဆီးထိန်းသိမ်း တရားစွဲ ခံထားရတာဖြစ်ပါတယ်။

3 months Ago
Up