ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) (၂) တို့နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းသူတယောက်နဲ့ ဒေသခံ ဆိုင်ကယ်ကယ်ရီသမား တယောက်တို့ ဇန်နဝါရီ ၁ ရက်က ပြန်လွတ်လာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေကတော့ မင်းပြားမြို့နယ် ပြိုင်းတောကျေးရွာက ကျောင်းသူ မအေးမြစန္ဒာနဲ့ မောင်တောမြို့နယ် အောင်သပြေကျေးရွာက ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုမောင်မောင်ကျော်တို့ ဖြစ်ကြပါတယ်။
သူတို့နှစ်ဦးကို အပြစ်မရှိတာကြောင့် မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့် ရဲစခန်း နခခ(၇)က ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ မအေးမြစန္ဒာရဲ့ မောင်ဖြစ်သူ ကိုမျိုးချစ်ငြိမ်းက ပြောပါတယ်။
"ကျနော့်အစ်မနဲ့ ကိုမောင်မောင်ကျော်တို့ နှစ်ဦးလုံးကို ဒီနေ့ မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ။ အပြစ်မရှိတာကြောင့် ပြန်လည်လွတ်ပေးလိုက်တာလို့သိရတယ်။ နှစ်ယောက်စလုံးကတော့ ကျန်းမာရေးတွေလည်း ကောင်းကြပါတယ်။ ပြန်လွှတ်ပေးလိုက်လို့လည်း ဝမ်းသာမိတယ်။ နောက်ထပ်ဖမ်းဆီးခံထားရသူတွေကိုလည်း ပြန်လွှတ်ပေးစေချင်တယ်" လို့ပြောပါတယ်။
မအေးမြစန္ဒာဟာ မောင်တောမြို့နယ်ရှိ မင်္ဂလာညွန့်ကျေးရွာရှိ ဆွေမျိုးအိမ်သို့ အလည်လာပြီးနောက် ကျေးရွာသို့ အပြန်မှာ ဆိုင်ကယ်ကယ်ရီသမား ကိုမောင်မောင်ကျော်နဲ့ အတူ နိုဝင်ဘာလ ၁ ရက်က ကမောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့် ရဲစခန်း နခခ(၇) မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တကျော့ပြန်တိုက်ပွဲပြင်ထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက အရပ်သား ရာချီဖမ်းဆီးခဲ့ပြီး ပုဒ်မအမျိုးမျိုးတပ်ကား တရားစွဲဆိုထားပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့အကြား ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ စစ်ကောင်စီက အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ရခိုင်ပြည်သူတွေကို ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်ပုဒ်မ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုထောင်ဒဏ်တွေချမှတ်နေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့ ရာမောင်တံတားအနီးမှာ စက်တင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတဲ့ အမျိုးသား ၂ ယောက်ကို ဒီနေ့အထိ အဆက်သွယ်မရသေးတာကြောင့် စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ကိုသန်းအောင်ဖြစ်ပြီး ကရင်ပြည်နယ်ပြည်နယ်မှာ အိမ်ထောင်ကျနေကြောင်း၊ ဖခင်လေဖြတ်နေလို့ မင်းပြားမြို့နယ် မြစ်နားရွာကို ခဏပြန်လာတာလို့ အစ်ကိုတော်စပ်သူ ဦးကျော်သာဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီနေ့က မင်းပြားမြို့က သူငယ်ချင်းဖြစ်တဲ့ ကိုသန်းဌေးအောင် ထမင်းစား ဖိတ်ထားလို့ ဆိုင်ကယ်နဲ့ လိုက်သွားတဲ့အချိန်မှာ စစ်တပ်က နှစ်ယောက်လုံးကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
“ကရင်ပြည်နယ်မှာ ဇနီးဖြစ်သူနဲ့ သားတယောက်နဲ့ သမီးတယောက် ရှိပါတယ်။ ဇနီးနဲ့ သားသမီးတွေရှိတဲ့ ကရင်ပြည်နယ်ကို ပြန်မယ်ဆိုပြီး စက်တင်ဘာ ၉ ရက်နေ့ကတည်းက ကားလက်မှတ် ဝယ်ယူပြီးသားဖြစ်ပါတယ်။ အဲဒီနေ့ကမှ ရာမောင်တံတားနားမှာ စစ်တပ်က ပစ်ခတ်လိုက်လို့ ဆိုင်ကယ်နဲ့လာခေါ်တဲ့ သူ့ သူငယ်ချင်းရဲ့ပေါင်ကို သေနတ်ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရရှိကာ သူတို့တပ်စွဲထားတဲ့ တောင်ပေါ်ကို ဖမ်းခေါ်သွားတယ်။ နိုင်ငံရေးလည်းမလုပ်ဘူး၊ ဘာမှလည်း အပြစ်မရှိဘဲနဲ့ ဖခင်နေမကောင်းလို့ ရွာကိုပြန်လာတဲ့ အချိန်မှာ မတရားဖမ်းဆီးတာကိုခံလိုက်ရတာပါ။ စစ်တပ်က ဖမ်းပြီးရင် မတရား ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်မှာဗျ။ သူတို့ လက်ထဲရောက်သွာရင် အသက်အန္တရာယ်တောင် စိတ်မချရတော့ဘူး” လို့ ဦးကျော်သာဦးက ပြောပါတယ်။
သူတို့နှစ်ဦးအား ဖမ်းခေါ်သွားတဲ့တောင်ပေါ်မှာ ၃ ည အိပ်ထားပြီး မင်းပြားတပ်ရင်းကို ခေါ်သွားတယ်လို့သိရပြီး ရဲစခန်းကို စုံစမ်းတော့လည်း ရောက်မလာသေးဘဲ အခု တလကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်မရသေးလို့ အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်နေကြရတယ်လို့ ဦးကျော်သာဦးကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် AA တို့ အခုနှစ် သြဂုတ် ကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။