ဖမ်းဆီးခံရ

September 27, 2021

ပွဲစားခဘတ် ၁၆,၀၀၀ စီပေးပြီး ထိုင်းနိုင်ငံကိုဝင်လာသည့် မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို မောင်ခရိုင်နယ်စပ် ကျေးရွာတရွာအနီးမှာ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ သူတို့ကို ညနေ ၄ နာရီလောက်က ပုန်းအောင်းနေရာ သစ်တောထဲမှာ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ မြန်မာအမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ပါဝင်ပြီး သူတို့ ဟာ ပဲခူး၊ မြဝတီနဲ့ ရန်ကုန်မြို့တွေကနေ ဘန်ကောက်ထိ ရောက်ရှိဖို့ တယောက်ကို ပွဲ စားခဘတ်ငွေ ၁၆,၀၀၀ စီ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့အားလုံးကို မောင်ခရိုင်ရဲစခန်းဆီ ပို့ဆောင်ထားပြီး ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကာ နေရပ်ပြန်ပို့နိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

1 hour Ago

လောင်းလုံးတွင် NLD ဝန်းရံသူအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၃ ရီကျော်ကျော်လောက်က NLD ပါတီ ဝန်းရံထောက်ခံတဲ့ ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မဲရုံမှာ NLD ကိုယ်စားလှယ်အဖြစ်နဲ့ လုပ်ဆောင်ခဲ့သူတွေပါဝင်ပြီး စာရင်းနဲ့တကွ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တဲ့အတွက် တစ်ယောက်ယောက်က တိုင်ကြားထားတာဖြစ်နိုင်တယ်လို့ ဒေသခံတဦး ပြောပါတယ်။

ဒါ့အပြင် ကုန်းဇရပ်ကျေးရွာမှာလည်း ညနေ ၄ ‌နာရီကျော်ကျော်လောက်က စစ်ကောင်စီတပ်တွေ နေအိမ်တွေကိုဝင်ရောက်ရှာဖွေပြီး ဆန္ဒပြရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပြသ မေးမြန်းရာမှာ မသိဘူးပြောတဲ့အတွက် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ကနေ အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်မှုတွေကြားထဲက ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်ထဲမှာ ဖမ်းဆီးစစ်ဆေးမှုတွေများပြားနေပြီး Mytel တာဝါတိုင်တွေမှာလည်း စစ်ကောင်စီတပ်သားတွေက မိုင်းထောင်မှုတွေပြုလုပ်နေပါတယ်။

5 hours Ago

September 25, 2021

ပညာရေးသပိတ်စစ်ကြောင်းများ ဦးဆောင်ခဲ့သူ ဆရာစိုးသူရကျော် ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့သူ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ဆရာ စိုးသူရကျော်ဟာ မနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရပါတယ်။

သူဟာ လက်ရှိမှာ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ဆရာ ဦးစိုးသူရကျော် (ကဗျာဆရာ သာသျှား)ဟာ စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ခရီးသွားနေတုန်း စစ်ဆေးဖမ်းဆီးခံရတာလို့ ကနဦးသိရပြီး ဘယ်ကိုခေါ်သွားတယ်လို့ မသိရကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

2 days Ago

မအူပင်မြို့တွင် မအူပင်ဟစ်တိုင်သတင်းဌာနအယ်ဒီတာ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က မအူပင်ဟစ်တိုင်သတင်းဌာနရဲ့ အယ်ဒီတာ ဖြိုးလေးချမ်းကို စစ်ကောင်စီတပ်သွားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မအူပင်ဟစ်တိုင်သတင်းဌာနဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ကာ သတင်းတင်ဆက်မှုတွေကို ရပ်ဆိုင်းခဲ့ပေမယ့် မအူပင်ဟစ်တိုင်းသတင်းဌာနရဲ့ အယ်ဒီတာ ဖြိုးလေးချမ်းကို စစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတဦးကပြောပါတယ်။

"သူအဖမ်းခံရတာဟုတ်တယ် သုံးရက်ရှိပြီ၊ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ မအူပင်မှာ ဖမ်းထားတယ်လို့ကြားတယ်။ သူက မအူပင်မှာ သတင်းထောက်တွေစအဖမ်းခံရကတည်းက ရှောင်နေတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မအူပင်ဟစ်တိုင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုဖြိုးလေးချမ်းကို ၃ ရက်ကြာတဲ့အထဲ မိသားစုက အဆက်သွယ်မရသေးသလို ရဲစခန်းကိုလည်း ရောက်မလာသေးဘူးလို့ ဆိုပါတယ်။

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ သတင်းထောက်ဟောင်း ကိုအောင်မြသန်းကိုလည်း အာဏာသိမ်းစစ်တပ်က ၂ ကြိမ်ထိ ဖမ်းဆီးထောင်ချတာပြုလုပ်ခဲ့ပါတယ်။

2 days Ago
More News
Up