ဖမ်းဆီးခေါ်ဆောင်

December 7, 2020

သေနတ်ကိုင်လူအချို့  ဖမ်းဆီးခေါ်ဆောင်သွားသည့် မူဆယ်မြို့ကအမျိုးသမီး ပြန်လွတ်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝိန်းရွာမှာ သေနတ်ကိုင် လူတချို့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ အမျိုးသမီးဟာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေ့ပိုင်းမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာ မူဆယ်သင်္ချိုင်းအနီးက ဘောလုံးကွင်းမှာ ညနေပိုင်း လာလွှတ်ပေးသွားတာဖြစ်ပြီး တရုတ်ယွမ် ၈ သောင်းပေးခဲ့ရတယ်လို့ ခိုဝိန်းရွာဒေသခံ စိုင်းဆိုင်က ပြောပါတယ်။  ဖမ်းခံရသူရော၊ ဖမ်းသူတွေရော တရုတ်စကားပြောကြတယ်လို့ မူဆယ်ခရိုင် ကျားဖြူပါတီ တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ကားအဖြူနဲ့ လူသုံးယောက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို တားပြီး သေနတ်နဲ့ ထောက်ကာ အတင်းအဓမ္မဆွဲ‌ခေါ်ပြီး ကားပေါ်တင်သွားတာကို CCTV ရုပ်သံဖိုင်မှာ တွေ့ခဲ့ရပါတယ်။ "ဒီတရုတ်အမျိုးသမီးက အကြွေးပေးစရာရှိလို့ ဆိုပြီး ဖမ်းသွားတာတဲ့ သက်ဆိုင်ရာကို မတိုင်နဲ့လို့ ပြောသွားတယ်" လို့ မူဆယ် ရပ်မိရပ်ဖတဦးက သူကြားသိထားတာကို ပြောပါတယ်။
12 months Ago

December 4, 2020

မိုးကုတ် သူဌေး ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်က စံပြကိတ်မုန့်တိုက်ပိုင်ရှင် သူဌေး ဦးကျော်ဝင်းကို  လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒီဇင်ဘာ ၄ ရက် မနက် ၉ နာရီဝန်းကျင်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးကျော်ဝင်းက ဒီမနက် ၈ နာရီလောက်မှာစျေးကို လာပြီး ဘူးသီးကျော်ဝယ်ကာ စျေးက​နေပြန်လမ်းလျှောက်လာရာ  သူ့ကားနားမှာ Surf ကား ခဲရောင်တစ်စီး ပေါ်က လူတွေက သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ်လို့  ဒေသခံ တစ်ဦးက ပြောပါတယ်။ ဦးကျော်ဝင်းက ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ထိရုန်းကန်ခဲ့ပြီး လူလတ်ပိုင်းသုံးယောက်လောက်က တွန်းတင်သွားတယ်လို့ဆိုပါတယ်။ ကားထဲမှာ လူအပြည့်ပါပြီး လူပုံစံတွေက ဝ ဝနဲ့ တရုတ်ပုံစံနဲ့တူတဲ့ လူတွေလို့လည်း မျက်​​မြင်ဒေသခံတွေက ပြောပါတယ်။  ကားပေါ်က ဒရိုင်ဘာ တစ်ယောက်ရယ် လူလတ်ပိုင်း သုံးယောက်ပါရှိပြီး လမ်းမြောက်ပိုင်းကို ဦးတည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဦးကျော်ဝင်းကိုခေါ်ဆောင်သွားသူတွေဟာ ဘယ်အဖွဲ့ကလဲဆိုတာကို မပြောနိုင်သေးသလို လူစိမ်းဖြစ်တာလို့ပဲ သိရပါတယ်။  မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာလည်း တိကျတဲ့အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပြီး ဘာကြောင့်ဖမ်းသွားတာလဲဆိုတာကို မသိရသေးဘူး လို့ ပြောပါတယ်။ သတင်း - ဟန်နာထက်အောင်
12 months Ago
More News
Up