ဖမ်းဆီး

September 15, 2021

ပွင့်ဖြူ ဒေသခံပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

NUG အစိုးရနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး ဒလန်တွေက မဟုတ်မမှန်သတင်းပေးတာကြောင့် မနေ့က မနက် ၃ နာရီလောက်မှာ ကျောင်းကုန်းကြီးကျေးရွာက ဦးအောင်ကြည်နဲ့ ကိုနိုင်လင်းတို့ ကို စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မွန်းလွဲ ၂ နာရီခွဲလောက်မှာ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းမြို့ သူဌေးတန်းအရှေ့ပိုင်းက ကိုကျော်မြင့်သိန်းကိုလည်း အကြမ်းဖက်စစ်အုပ်စုတွေက လာရောက်ဖမ်းဆီးသွားပြီးတော့ မြို့ထဲမှာလည်း မွှေနှောက်စုံစမ်းနေပါတယ်။

ပွင့်ဖြူမြို့နယ်ထဲမှာ ဒလန်တွေက မမှန်သတင်းပေးတာကြောင့် NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံဝန်းရံကြတဲ့ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

1 week Ago

September 10, 2021

နီကာရာဂွါ ဒုသမ္မတဟောင်းကို ဖမ်းဆီးရန် ရှေ့နေရုံး အမိန့်ချ

နီကာရာဂွါပြည်သူ့အစိုးရရှေ့နေရုံးက ထင်ရှားတဲ့စာရေးဆရာလည်းဖြစ်တဲ့ ဒုသမ္မတဟောင်း ဆာဂီယိုရာမီရက်ဇ်ကို ဖမ်းဆီးဖို့ စက်တင်ဘာ ၈ ရက်က အမိန့်ချလိုက်ပါတယ်။

တရားရုံး ထုတ်ပြန်တဲ့ကြေညာချက်အရ ရာမီရက်ဇ်ဟာ ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေ ခဝါချမှု၊ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိပါးတာ၊ လှုံ့ဆော်တာနဲ့  ပူးပေါင်းကြံစည်တာ စတာတွေနဲ့ စွဲချက်တင်ခံရတာပါ။ 

နီကာရာဂွါ ပြင်ပမှာရှိတဲ့ အသက် ၇၉ နှစ်အရွယ် စာရေးဆရာနဲ့ ဆာဗန်တေးစ် စာပေဆုရှင် ကတော့ သူ့အပေါ်စွပ်စွဲထားချက်ကိုသူ့ရဲ့တွစ်တာအကောင့်မှာတင်ထားတဲ့ ဗီဒီယိုကနေ ပယ်ချထားပါတယ်။

 “အာဏာရှင်တွေဟာ တွေးခေါ်သိမြင်နိုင်မှု မရှိဘူး။ သူတို့ရဲ့အလိမ်အညာတွေ၊ အမုန်းတရားတွေ၊ စိတ်ကူးယဉ်ထားတာတွေကိုပဲ ထပ်တလဲလဲ ပြောနေတာ” လို့ ရာမီရက်ဇ်က ပြောပါတယ်။ 

သတင်းစာပညာအတွက် နည်းပညာပံ့ပိုးမှုပေးတဲ့ NGO အဖွဲ့ ဗီအိုလက်တာ ဘာရီယို့စ်ဒီ ချာမော်ရိုဖောင်ဒေးရှင်းအပေါ် ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ပတ်သက်လို့ နီကာရာဂွါ တရားရုံးကနေ သူ့ကိုဆင့်ခေါ်ပြီး ၃ လအကြာမှာ ရာမီရက်ဇ်အပေါ် စွဲချက်တင်တာလည်း ဖြစ်ပါတယ်။

အဲ့ဒီဖောင်ဒေးရှင်းရဲ့ညွှန်ကြားရေးမှူး ခရစ္စတီယာနာ ချာမော်ရိုဟာ သမ္မတရွေးကောက်ပွဲအကြို ကိုယ်စားလှယ်လောင်းတယောက်ဖြစ်ပြီး ခုတော့ အဖမ်းခံထား ရပါတယ်။ 

ရာမီရက်ဇ်ဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ဖို့ လမ်းကြောင်းလွှဲပေးတဲ့ ဒီဖောင်ဒေးရှင်းမှရန်ပုံငွေတွေကို လက်ခံရယူခဲ့တယ်လို့ အစိုးရရှေ့နေရုံးက ဆိုပါတယ်။ 

ဒီလုပ်ရပ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုတွေ ကောင်းကောင်းမွန်မွန် တိုးတက်နေတာကို မတည်မငြိမ်ဖြစ်စေဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။ 

ရာမီရက်ဇ်ဟာ သူ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန် ၁၉၈၀ ခုနှစ်အချိန်တွေတုန်းက သမ္မတ အော်တေဂါရဲ့ညာလက်ရုံးဖြစ်ခဲ့သူပါ။ 

မာ့က်စ်ဝါဒီ ပြောက်ကျားဟောင်း သမ္မတ အော်တေဂါဟာ သက်တမ်း ၄ ဆက်မြောက် အာဏာရယူဖို့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

သမ္မတ အော်တေဂါနဲ့ ဇနီးဖြစ်သူ ဒုသမ္မတ ရိုဆာရီယို မူရဲလိုတို့ဟာ သမ္မတလောင်း တချို့အပါအ၀င် အတိုက်အခံအများအပြားကို လတ်တလော ဖမ်းဆီးပြီးနောက်မှာ နိုင်ငံခြားအစိုးရတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပါတယ်။

2 weeks Ago

ငါန်းဇွန်မြို့နယ် ကျေးရွာများတွင် အပြစ်မဲ့ပြည်သူအချို့ ဖမ်းဆီးခံနေရ

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အပြစ်မဲ့ပြည်သူတချို့ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၉ ရက် ည ၁၂ နာရီအချိန်မှာ ငါန်းမြာရွာက ၁ ဦး၊ မိုးထောင်ရွာက  ၄ ဦးတို့ကို စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ အိမ်တံခါးတွေကိုဖျက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

“ဖမ်းဆီးခံရသူတွေက သာမာန် အရပ်သားတွေပါ။ မတရားဖမ်းဆီးတာပါ။ ဖမ်းဆီးခံရတာက အရွယ်ကောင်း ယောကျ်ားလေးတွေဖြစ်တော့ အနီးနားက ဒေသခံတွေကတော့ ဒါကို ပေါ်တာဆွဲတယ်ဆိုပြီးတောင်  ပြောဆိုကြတာရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ မိုးထောင်ရွာ ၁ ဦး ဖမ်းဆီးပြီး မနက်ပိုင်း ၁၁ နာရီလောက်မှာ ၂ ဦးတို့ကို ထပ်မံ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ မိုးထောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုသက်ခိုင်လည်း ပါဝင်ပြီး ဘယ်အကြောင်းကြောင့် ဖမ်းဆီးခံရလဲဆိုတာ မသိရဘူးလို့ ဆိုကြပါတယ်။

အခုလို အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက မတရားဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ကျေးရွာတချို့က ရွာသားများ ဘေးလွတ်ရာ ရှောင်တိမ်းရှောင်နေကြရပါတယ်။

2 weeks Ago

မတ္တရာမြို့နယ် ကျေးရွာနေအိမ်အချို့ကို စစ်တပ်က မီးရှို့ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီး

မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒီနေ့ ရွာတွေကိုဝင်ရောက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးကာ  ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက် ၃ နာရီခွဲက ကျောက်တံတားရွာဘက်က မောင်းလာတဲ့ အိမ်စီးကား ၇ စီးနဲ့ ဆိုင်ကယ် ၈ စီးဟာ မနက် ၄ နာရီကျော်မှာ တံတားဖြူရွာကို ရောက်လာတယ်။ အိမ်တွေကို ဖျက်တယ်။ အုပ်ကြီးဟောင်း ကိုမောင်သော်နဲ့ ရွာသားတချို့ကို ဖမ်းသွားတယ်။ အိမ် ၃ လုံး မီးရှို့ခံရတယ်။ မနက်အစောကြီးဆိုတော့ ရွာသားတွေ ရှောင်ချိန်မရဘဲ ပိတ်မိနေသူတွေများပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

မနက် ၉ နာရီကျော်လောက်မှာ မတ္တရာဘက်က အိမ်စီကား ၂ စီးနဲ့ အကြမ်းဖက်အဖွဲ့တွေ ထပ်ရောက်လာပြီး လမိုင်းရွာထိပ်တံတားမှာ ၁ နာရီကြာလောက် တုတ်၊ ဓား လက်နက် စစ်ဆေးတာတွေလုပ်ပြီး မနက် ၁၀ နာရီခွဲလောက်မှာတော့ ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တံတားဖြူနဲ့ ရွာသစ်က ရွာသား ၁၇ ယောက်ကို ဖမ်းသွားတယ်။ နန်းတွင်း စစ်ကြောရေးကို ခေါ်သွားတယ်လို့ ရွာထဲမှာ ပြောဆိုနေကြတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ သူတို့အင်အားက အယောက် ၅၀ လောက်ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ မနက် ၈ နာရီလောက်မှာ ရွာကနေ ပြန်ထွက်သွားပြီး ၈ နာရီခွဲမှာ ကျောက်တံတားရွာဘက်ကတဆင့် မန္တလေးဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

မတ္တရာနယ်စပ် ပုသိမ်းကြီးနယ် သရက်ကိုင်းဘက်မှာ စစ်ကားအကြီး ၆ စီးနဲ့ နောက်တဖွဲ့လည်း ရောက်လာတာရှိတယ်လို့ ဒေသခံတွေကပြောပြီး အဲဒီဘက်က အခြေအနေကိုတော့ မသိရသေးပါဘူး။

စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းကလည်း မတ္တရာမြို့နယ်၊ အောင်ချမ်းသာရွာကို  အကြမ်းဖက် စစ်သားအင်အား ၂၀ လောက်ရောက်လာပြီး အိမ်တလုံးကို ဖျက်ဆီးခဲ့သလို သေနတ်တွေလည်း ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီက ရွာသား ၄ ယောက်ကို ဖမ်းဆီးသွားပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက် စစ်သားတွေဟာ အဲဒီကနေ လက်ဝဲကြီးရွာက အုပ်ချုပ်ရေးမှူးဟောင်းအိမ်ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 weeks Ago
More News
Up